ချန်ပီယံလိဂ်ပွဲကြို မန်စီးတီးကို လေတိုက်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် မန်နေဂျာ အန်ဆယ်လော့တီ
ရီးရဲလ်မက်ဒရစ်လို အသင်းအတွက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့် ရောက်လာတာဟာ အောင်မြင်မှု မဟုတ်ဘဲ ဗိုလ်လုပွဲကို တက်ရောက်ပြီး အနိုင်ယူနိုင်ဖို့ လိုအပ်တယ်လို့ နည်းပြ အန်ဆယ်လော့တီက သတိပေးစကား ထုတ်ပြောလာခဲ့ပါတယ်။
မနှစ်တုန်းကလည်း ချန်ပီယံလိဂ်ကို ဆီမီးဖိုင်နယ်အဆင့် တက်ရောက်ခဲ့သေးတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးနဲ့ ထိပ်တိုက်တွေ့ခဲ့ကာ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ မန်စီးတီးနဲ့ တွေ့နေခြင်းဖြစ်ကာ ဗိုလ်လုပွဲထံ ရောက်အောင် စွမ်းဆောင်နိုင်ဖို့ကို အီတလီသား နည်းပြကြီးက အလိုရှိနေပါတယ်။
အန်ဆယ်လော့တီက ‘ ရီးရဲလ်မက်ဒရစ်အတွက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ရောက်တာက အောင်မြင်မှု မဟုတ်ပါဘူး။ ရီးရဲလ်အတွက် အောင်မြင်မှုဆိုတာက ဗိုလ်လုပွဲကို ရောက်ပြီး နိုင်ပွဲရဖို့ အခွင့်အရေးကောင်း ရှိတာကို ဆိုလိုပါတယ် ‘ ဆိုပြီး ပြောဆိုခဲ့တယ်။
လာလီဂါ ထိပ်သီးကလပ်မှာ ဒဏ်ရာ ပြဿနာအချို့ ရှိနေတယ်လို့ သိထားရပြီး ဒီပွဲမှာ လူစာရင်း အပြည့်ကို ထုတ်သုံးနိုင်မယ်လို့ အန်ဆယ်လော့တီက အာမမခံပါဘူး။
ဒီပွဲမှာ တောင့်တင်းတဲ့ လူစာရင်းကို ထုတ်သုံးနိုင်မလားအတွက်တော့ ‘ မန်ဒီက အဆင်ပြေပါတယ်။ အလာဘာက အနည်းငယ် သံသယရှိစရာပါပဲ။ ကက်စမဲရိုက ပိုပြီး သံသယရှိစရာဖြစ်ပါတယ်။ သူကလည်း လုပ်နိုင်သမျှ အားလုံးကို ကြိုးစားနေပါတယ်။ ပထမအကျော့မှာ မကစားနိုင်ရင်တောင် ဒုတိယအကျော့မှာ ကစားနိုင်ပါလိမ့်မယ် ‘ လို့ ဆိုခဲ့ပါတယ်။
ချန်ပီယံလိဂ်မှာ ရေပန်းမစားမှုကနေ ဆီမီးအဆင့်ထိ တက်လာခဲ့ခြင်းကို အန်ဆယ်လော့တီက ထောက်ပြခဲ့ပြီး တိုက်စစ် ခံစစ် ကျစ်လစ်မှု မရှိရင် ဒီအဆင့်မှာ ခံစားသွားရမယ်လို့ သူက နားလည်ထားပါတယ်။
အသက် ၆၂ နှစ်အရွယ် ဝါရင့် နည်းပြကြီးက ‘ ဆီမီးအဆင့်မှာတော့ ဘယ်သူမှ မမျှော်လင့်ထားတဲ့ အသင်းနှစ်သင်း ရှိပါတယ်။ အဲ့တာက ကျနော်တို့နဲ့ ဗီလာရီးရဲလ်ပါပဲ။ လူတွေက ပြိုင်ပွဲစတုန်းက ဘယ်လိုတွေ ထင်မြင်ချက်ပေးကြသလဲ ကျနော် မှတ်မိနေပါတယ်။
ကျစ်ကျစ်လစ်လစ် မရှိဘူးဆိုရင် ခံစားရမှာပဲ။ မန်စီးတီးက ဘောလုံးရချိန်မှာ ကျနော်တို့ ကောင်းကောင်း ခံစစ်ကစားဖို့ လိုပါတယ်။ ကျနော်တို့ ဘောလုံးရချိန်မှာတော့ ကိုယ်မှာရှိတဲ့ အရည်အချင်းကို အသုံးပြုပြီး ကြိုးစား ကစားနိုင်ရပါမယ် ‘ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။