မန်စီးတီးကို ကျော်ပြီး ရီးရဲလ် ဗိုလ်လုပွဲ တက်နိုင်မယ် ယုံကြည်တယ် ဆိုတဲ့ ဂိုးသမား ကော်တွိုက်စ်

ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော်တွိုက်စ်က ချန်ပီယံလိဂ်ပြိုင်ဘက် မန်စီးတီးအသင်းကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲထံ တက်ရောက်နိုင်မယ်လို့ ယုံကြည်ကြောင်း ပွဲကြို ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်မှာ ပီအက်စ်ဂျီ၊ ကွာတားအဆင့်မှာ ချယ်ဆီးတို့ကို ဘာနေဗျူးကွင်းက ရလဒ်တွေနဲ့အတူ အနိုင်ယူ ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။

ဂိုးသမား ကော်တွိုက်စ်က “ စီးတီးက အရမ်းကို ခက်ခဲတဲ့ အသင်းဖြစ်ပါတယ်။ သူတို့က ဘောလုံးကို ခပ်မြန်မြန်လေး ရွှေ့လျားကြသလို ဘောလုံးပိုင်ဆိုင်မှုပိုင်းမှာလည်း လွှမ်းမိုးကစားလေ့ရှိသူတွေ ဖြစ်ကြပါတယ်။ သူတို့က ရင်ဆိုင်ရ ခက်ခဲမယ့်အသင်း ဖြစ်ပေမယ့်လို့ ကျနော်တို့ ကျော်ဖြတ်နိုင်မယ်ဆိုတာကို ယုံကြည်မှု ရှိပါတယ်။

ဒီနှစ်ထဲမှာ ကျနော်တို့တွေ comeback ပွဲ ဘယ်လောက်တောင် ကစားခဲ့လဲ မသိတော့ပါဘူး။ ဘာနေဗျူးကွင်းမှာ ကျနော်တို့အတွက် ထူးရှယ်ဆိုတာ တစ်ခုခုက ရှိနေပါတယ်။ ချယ်ဆီးကို ရင်ဆိုင်တဲ့ပွဲမှာ ဒီယုံကြည်မှုကို ဆက်ထိန်းနိုင်ခဲ့ပြီး အဲ့တာက အကူအညီဖြစ်ခဲ့ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ကော်တွိုက်စ်ဟာ ဒီရာသီ အန်ဆယ်လော့တီရဲ့ အသင်းမှာ အဓိကကျတဲ့ နေရာကနေ ပါဝင်နေသူဖြစ်ပြီး ခံစစ်လေးယောက်တန်းက အပြောင်းအလဲ များလွန်းနေခဲ့တာတောင်မှ လာလီဂါမှာ clean sheet 13 ကြိမ်ထိ ရယူထားနိုင်တာဖြစ်ပါတယ်။ သူဟာ ဒီရာသီ ချန်ပီယံလိဂ် ၁၀ ပွဲလုံးမှာလည်း ပါဝင်ထားခဲ့တယ်။

စီးတီးနဲ့ ရီးရဲလ်တို့ နှစ်သင်း နောက်ဆုံးအကြိမ် ထိပ်တိုက်တွေ့ခဲ့တဲ့ ၂၀၂၀ တုန်းကတော့ နှစ်ကျော့လုံးကို မန်ချက်စတာ ကလပ်က ၂-၁ နဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ထံ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။