ဥရောပ ဘုရင်ကြီးကို အိမ်ကွင်းမှာ အပြတ်တီးခဲ့ပေမယ့် ပေါ့ဆမှုကြောင့် ဂိုးမပြတ်ခဲ့တဲ့ မန်စီးတီး
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲမှာတော့ မန်စီးတီးဟာ ဒီဘရိုင်း၊ ဂျေဆုတို့ရဲ့ သွင်းဂိုးတွေနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး နောက်ပိုင်းမှာ ဘန်ဇီမာ၊ ဖိုဒန်၊ ဗင်နီဆီးရက်စ်၊ ဘာနာတိုတို့ရဲ့ အပြန်အလှန် သွင်းဂိုးတွေနဲ့အတူ ၄-၃ ရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။
ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ကာ အထနှေးသလို ရီးရဲလ်ကွင်းလယ်နဲ့ ခံစစ်အားနည်းချက်တွေကို မန်စီးတီးအသင်း အပြည့်အဝ အသုံးချနိုင်ခဲ့ပြီး ဂိုးတွေလည်း စောစောစီးစီး ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီး တိုက်စစ်သမားတွေ စိတ်ပျက်ဖွယ် အခွင့်အရေး လွဲချော်မှုတွေကြောင့်ပဲ ဒီပွဲက ၇ ဂိုး၊ ၈ ဂိုးလောက် ပြတ်သင့်ပါရဲ့နဲ့ မဖြစ်ခဲ့တာလို့ပဲ ဆိုရမှာဖြစ်ပါတယ်။
တိုက်စစ်က ပွဲထွက်လာတဲ့ မာရက်ဇ်ရဲ့ အပိုင်အခွင့်အရေး လွဲချော်မှုတွေက အံ့သြဖို့ ကောင်းခဲ့ပြီး ရီးရဲလ်ရဲ့ အထနှေးမှုကို မန်စီးတီးဘက်က အပြည့်အဝ မချုပ်ကိုင်နိုင်ခဲ့ပါဘူး။ အဖွင့်ဂိုးကတော့ မာရက်ဇ်ရဲ့ ဖန်ပေးမှုကနေ ဒီဘရိုင်း သွင်းယူခဲ့တာဖြစ်တယ်။
ရီးရဲလ်ခံစစ် အထိုင်မကျမှုကနေ ဂျေဆုက ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့ပေပမယ့် ဘန်ဇီမာက သူ့ရဲ့ အကောင်းဆုံး အခွင့်အရေး ယူမှုကနေ ခြေပဂိုး ပြန်ယူခဲ့ပါတယ်။ ဒီပွဲမှာ အစောတည်းက ဒဏ်ရာသတင်းရှိထားတဲ့ ဂျွန်စတုန်းကို ဖာနန်ဒင်ဟိုနဲ့ လူစားလဲခဲ့ရတာမို့ စတုန်း ဒဏ်ရာ ပြန်ပေါ်ခဲ့တယ်လို့ ယူဆရတယ်။
ဒုတိယပိုင်းမှာ မန်စီးတီးကပဲ ပွဲကို ဦးဆောင်ထားပြီး ဖိုဒန် တတိယ ဦးဆောင်ဂိုး ရယူခဲ့ပေမယ့် စီးတီးရဲ့ ပေါ့ဆမှုကြောင့်ပဲ ဗင်နီဆီးရက်စ်က ဒုတိယခြေပဂိုး ပြန်ယူပါတယ်။ ဒီပွဲမှာ စီးတီးက အခွင့်အရေးကောင်းတွေ ရပေမယ့် ဂိုးပြန်ပေးရတာက လွယ်ကူလွန်းနေတာက တကယ်ကို နစ်နာလှပါတယ်။
ထပ်ပြီး ဘာနာဒိုက စတုတ္ထဦးဆောင်ဂိုး ရယူပေးခဲ့ပေမယ့် ၁၀ မိနစ် မပြည့်ခင်မှာပဲ ပင်နယ်တီကနေ ဘန်ဇီမာက Panenka နဲ့ အီဒါဆန်ရဲ့ အလယ်ကို သွင်းယူခဲ့ပြီး အဖိုးတန် ခြေပဂိုး ထပ်ရခဲ့ပါတယ်။ မန်စီးတီးဟာ ဦးဆောင်ဂိုး ထပ်ယူပြီး ဂိုးပြတ်အောင် လုပ်ခွင့်ရခဲ့သေးပေမယ့် ဂိုးထပ်မရခဲ့တာ ဖြစ်ပါတယ်။
ဒုတိယအကျော့ ဘာနေဗျူးကွင်းမှာတော့ မန်စီးတီးက ၁ ဂိုး အသာနဲ့ ပွဲကို ဦးဆောင်ရမှာဖြစ်ပြီး ၂ နှစ်ဆက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ အားထုတ်သွားရဦးမှာ ဖြစ်ပါတယ်။