ရီးရဲလ်ကို ဂိုးအပြတ် အနိုင် မယူနိုင်လိုက်တဲ့ အပေါ် အသည်းပေါက်နေတဲ့ စီးတီးကြယ်ပွင့် ဖိုဒန်
မန်စီးတီး တိုက်စစ်သမား ဖီး ဖိုဒန်က ယမန်နေ့ည ရီးရဲလ်မက်ဒရစ်နဲ့ပွဲကို မန်စီးတီးအသင်း အဆုံးမသတ်နိုင်ခဲ့တဲ့အပေါ် စိတ်ပျက်နေခဲ့ပါတယ်။ ပထမအကျော့ အီတီဟတ်မှာ ၄-၃ဂိုးနဲ့သာ အနိုင်ရခဲ့တာကြောင့် မန်စီးတီးတို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၂ကြိမ်ဆက် တက်နိုင်ဖို့ ဒုတိယအကျော့ ဘာနေဗြူးမှာ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။
စီးတီး အတွက် တတိယဂိုး သွင်းယူပေးခဲ့တဲ့ ဖီး ဖိုဒန်က “ကျွန်တော်တို့ ပွဲကို တကယ်အကောင်းဆုံး ကစားနိုင်ခဲ့ပြီး ပွဲကို အဆုံးသတ်နိုင်ခဲ့သင့်ပါတယ်။ ဒီလိုပွဲမျိုးတွေမှာ ကျွန်တော်တို့ အခွင့်အရေး ပိုယူတတ်ရပါမယ်။
ကျွန်တော်တို့ ကစားနေတာက ချန်ပီယံလိဂ်ဖလား အများကြီးရဖူးတဲ့ အသင်းနဲ့ ဖြစ်တာကြောင့် ဘောလုံးသာ ဆုံးမယ်ဆိုရင် အပြစ်ပေးခံရမှာပါ။ ဒါမျိုးက ကျွန်တော်တို့ ဒုတိယအကျော့မှာ ကျွန်တော်တို့ လုပ်ဖို့လိုတဲ့အရာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
အကောင်းဆုံး ကစားသမားဆု ရခဲ့တဲ့ ဘာနာဒိုဆေးလ်ဗားကလည်း မန်စီးတီးအနေနဲ့ ဒီထက်ပိုကောင်း ဂိုးရလဒ်တစ်ခုနဲ့ အနိုင်ရခဲ့သင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဘာနာဒိုက “ပထမပိုင်း မိနစ်၂၀အတွင်း ကျွန်တော်တို့ အရမ်းကောင်းခဲ့ပါတယ်။ ။ မိနစ်၉၀ကျော်အတွင်း ကျွန်တော်တို့ ဒီထက်ပိုကောင်းတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့သင့်တယ်လို့ ထင်ပါတယ်။ ကံမကောင်းစွာပဲ ကျွန်တော်တို့ ၂ဂိုးပြတ် ဦးဆောင်ပြီး အခွင့်ကောင်း မယူနိုင်ခဲ့ပါဘူး။ ဒါက ချန်ပီယံလိဂ်ဖြစ်ပြီး ကျွန်တော်တို့ ကမ္ဘာ့အကောင်းဆုံး အသင်း၁သင်းနဲ့ ကစားနေတာပါ” လို့ ပြောခဲ့ပါတယ်။
ညကပွဲမှာ ပွဲ စလာကတည်းက တော်တော်လေး ကြည့်ကောင်းခဲ့ပြီး လုံးဝ တိုက်စစ်ဖွင့်ဆော့ခဲ့ကြတာပါ။ နှစ်သင်းစလုံး လက်ရှိ ဥရောပရဲ့ အကောင်းဆုံးအသင်းတွေဆိုတာကို သက်သေပြနိုင်ခဲ့ပြီး ဂိုးတွေလည်း အပြိုင်အဆိုင် သွင်းယူနိုင် ခဲ့ကြပါတယ်။
ရီးရဲလ်အတွက်တော့ ဘန်ဇီးမားကောင်းသလောက် ခံစစ်ကလည်း ဂိုးတွေပြန်ပေးနေခဲ့ရတာပါ။ မန်စီးတီးကလည်း ကောင်းလွန်းခဲ့ပါတယ်။ ပွဲထွက်ကစားသမား အားလုံး ခြေစွမ်းပြသလို ဇင်ချန်ကို၊ ဖာနန်ဒင်ဟိုတို့လို ပုံမှန်နေရာ မရတဲ့ ကစားသမားတွေတောင် ခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။