မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ်ပွဲအပြီး ထူးခြား သတင်းနဲ့ အကြောင်းအရာများ
မနေ့ညက ရင်ဆိုင်ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အပြန်အလှန် သွင်းဂိုးများစွာတွေ့မြင်ခဲ့ရပြီး အဆုံးသတ်မှာတော့ မန်စီးတီးအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို ၄ – ၃ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။
အဖွင့်ဂိုး ရယူခဲ့တဲ့ မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းဟာ မန်စီးတီးအတွက် ချန်ပီယံလိဂ်သွင်းဂိုး ၁၂ ဂိုး သွင်းယူထားပြီး အဲ့ဒီ ၁၂ဂိုးထဲကမှ ၉ ဂိုးကိုတော့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွေမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။
မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သလို အကောင်းဆုံး ကစားခဲ့တဲ့ အန်ဆယ်လော့တီရဲ့ အသင်းကိုလည်း ဂုဏ်ပြုခဲ့ပါတယ်။ နည်းပြ နှစ်ဦးလုံးကတော့ ဒုတိယအကျော့မှာ ဘာမဆို ဖြစ်နိုင်နေဆဲလို့ ဝန်ခံကြပါတယ်။
ရီးရဲလ်မက်ဒရစ်အတွက် ချေပဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဘန်ဇီမာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတလျှောက် ဆီမီးဖိုင်နယ်အဆင့်မှာ ဒုတိယမြောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့အတူ ၇ ဂိုးနဲ့ ရပ်တည်နေပါတယ်။ ထိပ်ဆုံးမှာ ရှိနေတဲ့ ရော်နယ်လ်ဒိုကတော့ ၁၃ ဂိုး သွင်းယူထားပါတယ်။
ဒီပွဲမှာ ၄-၃ ရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ၁၉၉၅ ခုနှစ်က ၅-၂ ရလဒ်ထွက်ခဲ့တဲ့ အေဂျက်စ်နဲ့ ဘိုင်ယန်၊ ၂၀၁၈ခုနှစ်မှာ ၅-၂ ရလဒ်ထွက်ခဲ့တဲ့ လီဗာပူးနဲ့ ရိုးမား ပွဲတွေနောက်ပိုင်း နှစ်သင်းပေါင်း သွင်းဂိုးအများဆုံး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်တစ်ပွဲ ဖြစ်လာခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ၃ ပွဲဆက် အနိုင်ရခဲ့တာဖြစ်ပြီး ဒါဟာ အင်္ဂလန်အသင်းတွေထဲ ပထမဆုံးဖြစ်ပါတယ်။ ယခင်ကတော့ လီဗာပူး အပါအဝင် အင်္ဂလန်အသင်းတွေဟာ အများဆုံး (၂) ပွဲဆက်တိုက်သာ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။
မန်စီးတီးကွင်းလယ်လူ ဖိုဒန်က ရီးရဲလ်ကို အနိုင်ရရှိခဲ့ပေမယ့် ရလဒ်က ကျဉ်းမြောင်းလွန်းတဲ့အတွက် အားမရဖြစ်နေသလို ဒုတိယအကျော့ အဝေးကွင်းမှာ ပိုမိုဂရုစိုက်ရမယ်လို့ အသင်းဖော်တွေကို သတိပေးစကားဆိုခဲ့ပါတယ်။
မန်စီးတီးနဲ့ပွဲမှာ ရီးရဲလ်မက်ဒရစ်အတွက် ချေပဂိုး ၂ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှုးကြီး ဘန်ဇီမာဟာ Ballon d’Or ဆုနဲ့ ထိုက်တန်တယ်လို့ အသင်းဖော် ဗင်နီရှပ်ဂျူနီယာက ထောက်ခံစကားဆိုလိုက်ပါတယ်။