အသင်းပြောင်းဖွယ်ရှိတဲ့ မန်စီးတီး ကစားသမားတွေကို ဘယ်လို စီမံသင့်သလဲ မီကာရစ်ချက် အကြံပေး

မန်စီးတီးအသင်းအနေနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေပြီး အနာဂတ် မရေမရာဖြစ်နေတဲ့ တိုက်စစ်သမား ဂါဘရီရဲလ် ဂျေးဆုနဲ့ ရာဟင်း စတာလင်းတို့ကို ဆက်လက် ထိန်းသိမ်းသွားသင့်တယ်လို့ ကြယ်ပွင့်ဟောင်း မိုက်ကာရစ်ချက် က အကြံပြတိုက်တွန်းလိုက်ပါတယ်။

ထိုနှစ်ဦးစလုံးဟာ ဒီနှစ်ရာသီမှာ မန်စီးတီးအသင်း ပုံစံကောင်းတွေ ဆက်လက်ပြသနိုင်မှုတွေမှာ အရေးပါနေတဲ့ ကစားသမားတွေဖြစ်နေပြီး ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို အရယူနိုင်ဖို့ရာ လာမဲ့ပွဲစဉ်တွေမှာလည်း နည်းပြ ဂွာဒီယိုလာ အားကိုးရမဲ့ ကစားသမားတွေ ဖြစ်လာဖို့ ရှိနေပါတယ်။

ဒါပေမဲ့လည်း ရာသီကုန်ဆုံးဖို့ နီးကပ်လာခဲ့သလို စာချုပ်သက်တမ်းကလည်း တနှစ်သာ ကျန်ရှိတော့တဲ့ အခြေအနေ တွေကြောင့် အပြောင်းအရွှေ့သတင်းတွေလည်း ဆက်တိုက် ထွက်ပေါ်နေပြီး ဂျေးဆုကို အာဆင်နယ်အသင်းက စိတ်ဝင်စားနေသလို စတာလင်းကိုလည်း စီးရီးအေထိပ်တန်းကလပ် အေစီမီလန်အသင်းက ချိတ်ဆက်နေတယ်လို့ သိရပါတယ်။

မီကာ ရစ်ချက် ကတော့ နှစ်ဦးစလုံးကို မန်စီးတီးအသင်းမှာပဲ ဆက်လက်မြင်တွေ့ချင်တာဖြစ်ပြီး နေရာစုံ ကစားနိုင်သလို အလုပ်ကြိုးစားတဲ့ ကစားသမားတွေ ဖြစ်ကြတယ်လို့ ချီးကျူးခဲ့ပါတယ်။

“ဂါဘရီရဲလ် ဂျေးဆု လိုပဲ စတာလင်းဟာလည်း ၂၀၂၃ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာပါ။ နှစ်ဦးစလုံးဟာ လက်ရှိအချိန်မှာ စာချုပ်သစ်ချုပ်ဆိုမဲ့ အရိပ်အယောင်မျိုး မတွေ့ရသေးပါဘူး။ အခြားကလပ်အသင်းတွေနဲ့ ချိတ်ဆက် နေတယ် ဆိုတဲ့ သတင်းတွေပဲ ဖတ်နေရပါတယ်။ ဒါပေမဲ့ ကျွန်တော် အမြင်မှာတော့ ရိုးရိုးလေးပါပဲ။ စီးတီးအနေနဲ့ နှစ်ဦးစလုံးကို တတ်နိုင်သမျှ အသင်းမှာပဲ ဆက်ထိန်းဖို့ ကြိုးစားသင့်ပါတယ်။”

“နှစ်ဦးစလုံးဟာ နေရာစုံမှာ အသားတကျ ကစားနိုင်သူတွေ ဖြစ်ပါတယ်။ အလုပ်ကြိုးစားပြီး လုပ်အားနှုန်းကောင်းမွန်တဲ့ ကစားသမားတွေလည်း ဖြစ်ပါတယ်။ တောင်ပံမှာလည်း ကစားနိုင်သလို အထောင်တိုက်စစ်လည်း ကောင်းကောင်း ကစားတတ်ပါတယ်။ ဂွာဒီယိုလာရဲ့ စနစ်မှာ ဘယ်လိုကစားရမလဲ ဆိုတာ ကောင်းကောင်း သိရုံသာမက ထူးချွန်ကြသူတွေပါ။”

“စတာလင်းကတော့ စွမ်းဆောင်ရည်ပိုင်း အတက်အကျတွေနဲ့ ကြုံရတတ်ပါတယ်။ ဒါပေမဲ့လည်း သူဟာ အမြဲတမ်း အသန်မာဆုံးပုံစံနဲ့ ပြန်လာနိုင်တာချည်းပါပဲ။ ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းကဆိုရင် ယူရို မစတင်မီမှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့လည်း ပြိုင်ပွဲပြီးဆုံးသွားချိန်မှာတော့ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တဲ့ ကြယ်ပွင့်တွေထဲက တပွင့်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။”

“အခုချိန်မှာလည်း သူ ရုန်းကန်နေရတာ မှန်ပါပဲ။ စီးတီးအတွက် နောက်ဆုံးကစားခဲ့တဲ့ ခြောက်ပွဲမှာ ဂိုးပေါက် ရှာမတွေ့ခဲ့ဘူး။ ‌ဆောက်ဟမ်တန်အသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေပွဲတုန်းက နောက်ဆုံးသွင်းထားခဲ့တာ ထင်ပါတယ်။ ဒါပေမဲ့လည်း နည်းပြရဲ့ ယုံကြည်မှုကို ရထားတုန်းပါပဲ။ ဒါကြောင့်ပဲ ပက်က သူ့ကို ရွေးချယ်နေတာပေါ့။

ရီးရဲလ်နဲ့ပွဲမှာ သူ ကစားခွင့်ရမယ်ဆိုရင်လည်း အံ့သြစရာတော့ မဟုတ်ပါဘူး။ သူ ဂိုးသွင်းနိုင်သည်ဖြစ်စေ၊ မသွင်းနိုင်ဘူးဖြစ်စေ သူဟာ စီးတီးနိုင်ပွဲအတွက် အဓိက အရေးပါတဲ့ အခန်းကဏ္ဍကနေ ကစားနိုင်မှာ သေချာပါတယ်။” လို့ မီကာရစ်ချက်က ပြောကြားခဲ့ပါတယ်။