ချန်ပီယံလိဂ် ဗိုလ်လုပွဲထံ တက်ရောက်နိုင်ရေး အသင်းသားတွေကို ဂွာဒီယိုလာရဲ့ တောင်းဆိုမှု
မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲတပွဲမှာ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ အီတီဟတ်ကွင်းမှာ အကြိတ်အနယ် ပြိုင်ဆိုင်ကြရင်း ၊ မိနစ် ၉၀ အပြည့် အပြန်အလှန် သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှု ပေးရင်း ၊ အိမ်ရှင် စီးတီးတို့ ၄ – ၃ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ် ။
အပိုင် အခွင့်အရေး အများအပြား အဆုံးသတ်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ၊ မန်စီးတီး ဟာ ဒုတိယအကျော့ ဘာနေဗျူးမှာ အဆုံးအဖြတ် ထပ်မံ ခံယူရဦးမှာလည်း ဖြစ်ပါတယ် ။ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာကတော့ အဆုံးသတ် မသေချာခဲ့ခြင်း အတွက် မစိုးရိမ်ခဲ့သလို ၊ သူ့အသင်းသားတွေရဲ့ စွမ်းဆောင်ရည် အတွက် ဂုဏ်ယူကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။
ပက်ဂွာဒီယိုလာ က ” ကျွန်တော် ဒီအတွက် ဘာမှ စိုးရိမ်မနေပါဘူး ။ ကျွန်တော် လိုချင်တာ က လီဗာပူး ၊ ဝက်ဖို့ဒ် ၊ ဘရိုက်တန်နဲ့ ပွဲတွေကလို အသင်းဖက်က စွမ်းဆောင်နိုင်ဖို့ပဲ ဖြစ်ပါတယ် ။ ဘောလုံးက ဘောလုံးပါပဲ ။ ရလဒ်က ရလဒ်ပါပဲ ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဒီနေ့ စွမ်းဆောင်ရည် က လုံးဝ ယှဉ်မရအောင် ကောင်းမွန်ခဲ့ပါတယ် ။ ”
” ဘယ်သူကမှ ဒီ စွမ်းဆောင်ရည် က ညံ့ဖျင်းတယ် ဆိုပြီး ပြောခွင့်မရှိပါဘူး ။ ဖိုင်နယ် တက်ဖို့ အတွက် ကျွန်တော်တို့ အခုထက် ပိုတဲ့ နောက်ခြေစွမ်း အဆင့်တခု တက်ပြဖို့ လိုအပ်ခဲ့တာ သတိထားမိပါတယ် ။ ဒါဟာ ချန်ပီယံလိဂ်က တောင်းဆိုတဲ့ အရာပဲ ဖြစ်ပါတယ် ။ ”
” အဆုံးမှာတော့ ကျွန်တော်တို့ဟာ ဖန်တီးခဲ့သမျှ အပိုင် အခွင့်အရေး အားလုံးကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သင့်ပေမယ့် ၊ ကျွန်တော် ဒီနေ့ပွဲကနေ အသင်းသားတွေကို ပြောချင်တာက ကျွန်တော်တို့က ဒီနေ့ပွဲကို အနိုင်ရခဲ့တာ ဖြစ်ပြီး ၊ နောက်တကျော့ အတွက် ခေါင်းမော့ထားဖို့ ဖြစ်ပါတယ် ။ ”
” ကျွန်တော်တို့ဟာ ဒီနေ့မှာ တဂိုးတည်းနဲ့ ဦးဆောင်နေခဲ့တာ မဟုတ်ပဲ ၊ ၂ဂိုးတဖန် ၊ ၃ဂိုးတဖန် ၊ ၄ဂိုးတဖန် အထိ ပွဲကို ဦးဆောင်နိုင်ခဲ့တာပါ ။ ပြိုင်ဖက်ကတော့ ဒီ ဦးဆောင်မှုတွေကို ၁၀မိနစ်လောက် အချိန် အတွင်း ၃ဂိုး အထိ ပြန်လည် ချေပပြနိုင်ခဲ့ပါတယ် ။ ဒါဟာ ကျွန်တော်တို့ အတွက် စမ်းသပ်မှုကောင်း တရပ် ဖြစ်ပါတယ် ။ ”
” ရလဒ် ၊ စွမ်းဆောင်ရည် ၊ အရာ အားလုံး အတွက် ကျွန်တော် ဘာတခုမှ ဆင်ခြေပေးနေမှာ မဟုတ်ပါဘူး ။ ကမ္ဘာတလွှားက ပရိသတ်တွေရဲ့ ရှေ့မှောက်မှာ အခုလို ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့် ကျွန်တော် လုံးဝ ဝမ်းသာ ပျော်ရွှင်မိပါတယ် ။ ”
” ဘောလုံး ဆုံးရှုံးတဲ့အချိန်တွေမှာ ရဲစွမ်းသတ္တိ အပြည့်နဲ့ ကစားပြနိုင်ခဲ့ပြီး ၊ နိုင်ပွဲရဖို့ ကျွန်တော်တို့ အရာရာ ကြိုးစားခဲ့ပါတယ် ။ အခုတော့ လုံလုံလောက်လောက် အနားယူပြီး ၊ လိဒ်စ်နဲ့ ပရီးမီးယားလိဂ် ၊ ဘာနေဗျူးမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဒုတိယအကျော့ ပွဲတွေ အတွက် ကျွန်တော်တို့ အသင့်ဖြစ်နေဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ်