လီဗာပူးအသင်းကော ချန်ပီယံလိဂ် ဆုဖလားကိုပါ စိန်ခေါ်လိုက်တဲ့ ဘာနာဒို ဆေးဗား
ဒီရာသီမှာ မန်စီးတီးအသင်းရဲ့ ရည်မှန်းချက်က ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေကို အောင်မြင်ဖို့ပဲ ဖြစ်တယ်လို့ မန်စီးတီး ကွင်းလယ်လူ ဘာနာဒိုက ပြောပါတယ်။
ဒီနှစ်တွေအတွင်း မန်စီးတီးဟာ ပြည်တွင်းမှာ ဆုဖလားပေါင်းများစွာ အောင်မြင်လာခဲ့သလို ၎င်းတို့ရဲ့ အဓိက ပြိုင်ဘက်က လီဗာပူးအသင်းဖြစ်လာနေခဲ့တယ်။ ဘာနာဒိုကတော့ လီဗာပူးကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ စိတ်အားထက်သန်နေသလို ကလပ်သမိုင်းမှာ ကွက်လပ်ဖြစ်နေတဲ့ ချန်ပီယံလိဂ်ကို ဒီနှစ်မှာ အောင်မြင်လိုနေပါတယ်။
မနှစ်ကရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲထံ တက်ရောက်နိုင်ခဲ့တဲ့ မန်စီးတီးဟာ ဒီရာသီ ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်တွေ့နေတာဖြစ်တယ်။ မနက်က ပထမအကျော့ ပွဲစဉ်မှာတော့ မန်ချက်စတာကလပ်ဟာ ၄-၃ ရလဒ်နဲ့ အနိုင်ရထားတာဖြစ်ပါတယ်။
ဒီာသီ ရည်မှန်းချက်တွေနဲ့ ပတ်သက်လို့ ဘာနာဒို ဆေးဗားက ပြောရာမှာ “ မန်စီးတီးကို ရောက်လာတဲ့ ၁၀ နှစ်အတွင်းမှာ ကျနော်က ဆုဖလား ၁၀ လုံး အနိုင်ရခဲ့တယ်။ ဒါက နှစ်တိုင်းမှာ ကျနော်က ဆုဖလားတွေ အများကြီး အနိုင်ရနေတယ်လို့ ဆိုလိုတာပဲ။ ထပ်ထပ်ပြီးလည်း ဆုဖလားတွေ အောင်မြင်ဖို့ကို ဆာလောင်နေပါတယ်။
ကျနော်တို့ ဆုဖလားတွေ ဆက်ပြီး ဆာလောင်နေဆဲဖြစ်သလို ပရီးမီးယားလိဂ် ဆုဖလားမှာ လီဗာပူးကို အနိုင်ရချင်တယ်။ ချန်ပီယံလိဂ်မှာလည်း ဗိုလ်လုပွဲတက်နိုင်အောင် ကြိုးစားလိုပြီး ကျနော်တို့ရဲ့ အိပ်မက်အတိုင်း အနိုင်ရချင်တယ်။
ကုန်ခဲ့တဲ့ ၅ ရာသီမှာ လီဗာပူးအသင်းနဲ့ ဒီတိုက်ခိုက်မှုတွေကို လုပ်နေပေမယ့် ကျနော်တို့မှာ ဖြည့်စရာ ကွက်လပ်ကြီး ရှိနေပါတယ်။ အဲ့တာကတော့ ချန်ပီယံလိဂ်ပါပဲ။
ဒီရာသီမှာ လီဗာပူးအသင်းက သိပ်ကောင်းတဲ့ အသင်းအဖြစ် ဆုဖလားတွေကို ဆက်ပြီး တိုက်ခိုက်နေတယ်။ ဆုဖလားတွေမှာ သူတို့ကို အောင်နိုင်ဖို့ ကြိုးစားလိုပါတယ်။ အကောင်းဆုံး အသင်းတွေကို ရင်ဆိုင်ရာမှာ ကိုယ်က ကောင်းဖိုပလိုတယ်။ ပြိုင်ဘက်က ကောင်းတယ်ဆိုရင် သူတို့ထက် ပိုကောင်းရပါမယ်။
ကျနော်တို့က လိဂ်ရဲ့ ထိပ်ဆုံးမှာ ရှိနေဆဲဖြစ်ပါတယ်။ ၁ မှတ်ပဲ သာနေတာမို့ ခြေချော်လို့ မရပါဘူး။ ကျနော်တို့က ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲတိုင်းကို အနိုင်ရဖို့ ကြိုးစား တိုက်ခိုက်သွားပါမယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။