ရီးရဲလ်ကို ဘာနေဗျူးမှာ ကန်ဖို့ မန်စီးတီး အသင်းသားတွေက ကြောက်မနေဘူးလို့ ရူဘင်ဒီယက်စ် စိန်ခေါ်

မန်စီးတီး ကစားသမားတွေဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆုံးအဖြတ်ဖြစ်တဲ့ ဒုတိယ အကျော့ကို ရီးရဲလ်မက်ဒရစ်နဲ့ အဝေးကွင်းမှာ ကစားရမယ့်အပေါ် ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ ရူဘင် ဒီယက်စ်က ပြောဆိုခဲ့ပါတယ်။

ပထမအကျော့မှာ စီးတီးက ၄-၃ နဲ့ အနိုင်ရခဲ့တဲ့နောက် ဒုတိယအကျော့ဟာ သိပ်ကို အန္တရာယ်ရှိတဲ့ အခြေအနေ ဖြစ်နေတာပါ။

ဒီရလဒ်ကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ဘာနေဗျူးမှာ ကစားမယ့် ဒုတိယအကျော့မတိုင်ခင် နိုင်လိုစိတ်ပြင်းထန်နေမှာဖြစ်ပြီး ပီအက်စ်ဂျီနဲ့ ၁၆သင်းအဆင့်ကလို နောက်ကလိုက်ကစားပြီး ပြန်လာဖို့ တိုက်ပွဲဝင်မှာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ဒီယက်စ်က “ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့အသင်း၊ ဘာနေဗျူးမှာ ကစားရတဲ့ အနေအထားကို ကျွနတော်တို့ ကောင်းကောင်းနားလည်တယ်။ ဒါပေမယ့် ကိုယ့်ရည်မှန်းချက်နဲ့ အောင်မြင်အောင် လုပ်ဖို့လိုတဲ့အရာကို သိပါတယ်။ ကျွန်တော်တို့တွေ ကိုယ်ပိုင်အရည်အချင်းနဲ့ ကစားပြီး အနိုင်ရဖို့ ကြိုးစားသွားမှာပါ။

ဘာနေဗျူးက ရူးလောက်စရာ နေရာတစ်ခုပဲ။ ဒါပေမယ့် မန်စီးတီးကလဲ ရူးလောက်စရာ အသင်းတစ်သင်းပါ။ အဲ့အတွက် ကျွန်တော်တို့ အဆင်သင့် ဖြစ်နေပါလိမ့်မယ်။

ဆီမီးဖိုင်နယ်က ပထမအကျော့တစ်ခုထဲနဲ့ ဘယ်တော့မှ ပြီးဆုံးသွားတယ်ဆိုတာမရှိဘူး။ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ပထမအကျော့က ဘယ်တော့မှ မပြီးဆုံးဘူး။ ဒုတိယအကျော့မှာ ဘာတွေ ကြုံရမလဲဆိုတာ ကျွန်တော်တို့ သေချာသိတယ်။ အဲ့အတွက် အဆင်သင့်ပါပဲ။

ကျွန်တော်တို့ ဖန်တီးခဲ့တဲ့ အခွင့်အရေးတွေနဲ့အတူ ရလဒ်က ကျွန်တော်တို့အတွက် ပိုပြီး အားသာချက်ရှိနိုင်ခဲ့တယ်လို့ ခံစားရတယ်။ ဒါပေမယ့် အဆုံးသတ်မှာ ကျွန်တော်တို့ အနိုင်ရခဲ့တယ်။ ဒုအကျော့ကိုလဲ အနိုင်ရဖို့လိုပါတယ်။

ပထမအကျော့မှာ ကျွန်တော်တို့ အဲ့ထက် ဂိုးပိုရနိုင်ခဲ့ပြီး ဂိုးနည်းနည်းပဲ ပေးလို့ရနိုင်ခဲ့တာပါ။ ဒါပေမယ့် အခုချိန်မှာ အဲ့ဒါတွေကို ပြန်စဉ်းစားနေဖို့ အချိန်မရှိဘူး”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။