ဒီအပတ်မှာ လီဗာပူးအရင်ဆုံး ကစားရတာက အားသာချက်လား အမေးကို ဂွာဒီယိုလာ ပြန်ဖြေ

မန်စီးတီးနည်းပြ ဂွာဒီယိုလာက လီဗာပူးအသင်းမှာ ၂၀၂၆ ခုနှစ်ထိ ဆက်ရှိနေရေး စာချုပ်သစ် ချုပ်နိုင်ခဲ့တဲ့ ယာဂင်ကလော့ပ်ကို ဂုဏ်ပြုစကား ပြောဆိုခဲ့ပါတယ်။

” လီဗာပူးနဲ့ ယာဂင်ကို ဂုဏ်ပြုပါတယ်။ ဒါက ပရီးမီးယားလိဂ်အတွက်လည်း ကောင်းမွန်တဲ့ ကိစ္စလို့ ထင်ပါတယ်။ သူ့ကို အကောင်းဆုံးဖြစ်စေဖို့ ဆုတောင်းပေးပါတယ် ” လို့ လိဒ်ယူနိုက်တက်ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ ပြောဆိုသွားခဲ့တယ်။

ဒီအပတ် စနေနေ့မှာတော့ လီဗာပူးအသင်းက နယူးကာဆယ်အသင်းထံ အဝေးကွင်းပွဲ အရင် သွားကစားရမှာဖြစ်ပြီး နောက်ကျပြီးမှ ဂွာဒီယိုလာရဲ့ မန်စီးတီးက လိဒ်ယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရပါမယ်။

ချန်ပီယံလိဂ်မှာတော့ မန်စီးတီးက တစ်ရက်ကြို ကစားထားတာဖြစ်ပြီး လီဗာပူးက တစ်ရက်နောက်ကျ ကစားထားတာပါ။ ပွဲစဉ်ဇယားမှာ လီဗာပူးကို အရင်ကစားစေတာက ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှုမှာ တန်ပို ပိုတက်လာဖို့ ပရီးမီးယားလိဂ် ရုပ်သံ တာဝန်ရှိသူတွေ စီစဉ်ခဲ့တာလို့ မြင်ကြသူတွေ ရှိပါတယ်။

ဒီအပတ်မှာ လီဗာပူးက အစောပွဲ ကစားရတာကြောင့် အသာစီးရသလားလို့ သတင်းထောက်တွေက ဂွာဒီယိုလာကို မေးမြန်းခဲ့တယ်။

ဂွာဒီယိုလာက ” ကျနော် မသိဘူး။ ကျနော် တကယ်ကို မသိကြောင်း ရိုးရိုးသားသား ပြောတာပါ။ ရုပ်သံတာဝန်ရှိသူတွေကိုပဲ မေးကြည့်ပါ။ ပွဲတွေကို ဒီလို ကန်ရမယ်လို့ သူတို့ ဆုံးဖြတ်ပေးတာပါ။ ကျနော် မသိပါဘူး။

အတိတ်တုန်းကလည်း ဒီလို အခြေအနေတွေကို ကျနော်တို့ ရင်ဆိုင်ရဖူးပါတယ်။ အခု လက်ရှိမှာကောပေါ့။ ဒါက အထူးအဆန်း မဟုတ်ပါဘူး။ စောပဲကန်ကန် နောက်ကျပဲ ကန်ကန် ကျနော်တို့ ပွဲကို အနိုင်ရဖို့ လိုအပ်ပါတယ်။ ဘာတစ်ခုမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး ” လို့ တုန့်ပြန်ခဲ့တာဖြစ်တယ်။

ဒီအပတ် အစောပွဲကို လီဗာပူးအသင်းက အနိုင်မရဘူးဆိုရင် မန်စီးတီးက လိဒ်ယူနိုက်တက်နဲ့ ပွဲမှာ ဖိအားနည်းမှာဖြစ်ပြီး အကယ်လို့ လီဗာပူးအသင်း အနိုင်ရသွားမယ်ဆိုရင်တော့ မန်စီးတီးက ဖိအားတွေနဲ့ ကစားရဖို့ ရှိနေတာဖြစ်ပါတယ်။