လီဗာပူးနဲ့ ကလော့ပ် သက်တမ်းတိုးလို့ သူနဲ့ စီးတီး အနာဂတ် မေးခွန်းထုတ်ကြတာကို ပက် တုန့်ပြန်
မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ ဟာ လီဗာပူးနဲ့ ကလော့ပ်ရဲ့ စာချုပ် သက်တမ်းတိုးကိစ္စအပေါ် တုံ့ပြန်ခဲ့ပြီး အီတီဟက်မှာ စာချုပ်သက်တမ်း ကုန်တော့မယ့် သူ့ကိုယ်ပိုင် အနာဂတ်အပေါ်လဲ မေးခွန်းထုတ်ခံခဲ့ရပါတယ်။
ကလော့ပ်ဟာ လီဗာပူး အသင်းနဲ့ ဒီ ကြာသပတေးနေ့မှာ အသင်းနဲ့ ၄ နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ။ စီးတီး နည်းပြ ပက်ဂွာဒီယိုလာကတော့ ၂၀၂၃ မှာ စာချုပ်သက်တမ်းကုန်မှာဖြစ်ပေမယ့်လဲ ရာသီကု်နပြီးနောက်ပိုင်း အနာဂတ် အကြောင်းကို မစဉ်းစားသေးပါဘူး။
ဂွာဒီယိုလာ ဟာ သူ့ရဲ့ ရေရှည်အနာဂတ်နဲ့ ပတ်သက်လို့ အေးဆေးဖြစ်နေပြီး လီဗာပူးနဲ့စာချုပ်သစ်ချုပ်ခဲ့တဲ့ ကလော့ပ်ရဲ့ ဆုံးဖြတ်ချက်က သူ့အခြေအနေအပေါ် သက်ရောက်မှုမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။
“လူတိုင်းမှာ သူတို့ကိုယ်ပိုင် အခြေအနေ ရှိပါတယ်။ ကျွန်တော်တို့ အကြာကြီး ဆက်နေဖို့ ဆုံးဖြတ်လိုက်ရင် လုပ်ဖော် ကိုင်ဖက်ကြောင့် မဟုတ်ပဲ အားလုံးအတူတကွ ဆုံးဖြတ်တာပါ။ ကျွန်တော့်ရဲ့ နည်းပြဘဝ ၁၄၊ ၁၅ နှစ်အတွင်း ပြိုင်ဘက်တွေ အများကြီး ရှိခဲ့တယ်။
ယာဂန် စာချုပ်ချုပ်ခဲ့တာက ပရီးမီးယားလိဂ်အတွက် ကောင်းတယ်လို့ထင်ပါတယ်။ ကျွန်တော်ကတော့ အသင်းရဲ့ ရှေ့ တစ်လ အနာဂတ်ကိစ္စကိုပဲ ပိုစိုးရိမ်တယ်။ အဲ့ဒါပြီးမှပဲ တခြားကိစ္စတွေ စဉ်းစားတာပေါ့။ တစ်နှစ်ဆိုတာ အချိန်အကြာကြီး ကျန်ပါသေးတယ်။
ကျွန်တော် ကလပ်ဥက္ကဌနဲ့ ဆက်ဆံရေးကောင်းရှိတယ်။ ဒီထက်ပိုကောင်းတဲ့နေရာကို မစဉ်းစားနိုင်ပါဘူး”လို့ ဂွာဒီယိုလာ က တုန့်ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတို့ကို အောင်မြင်အောင် လုပ်ပြီး လီဗာပူးရဲ့ ဖလားလေးလုံး မျှော်လင့်ချက်တွေကို ဖျက်ဆီးနိုင်နေဆဲပါ။
ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ အတူ ၆ နှစ်အတွင်း ပရီးမီးယားလိဂ် ၃ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နဲ့ လိဂ်ဖလား ၄ ကြိမ် အောင်မြင်ခဲ့ပြီးဖြစ်ပြီး မန်ချက်စတာမှာ အောင်မြင်တဲ့ နည်းပြ ဘဝ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။