လိဒ်စ်ကို လေးဂိုးပြတ်နိုင်တာ အားမရဘဲ မန်စီးတီး ဂိုးတွေ ထပ်ရခဲ့သင့်သေးတယ် ဆိုတဲ့ နည်းပြ ပက်

မန်ချက်စတာ စီးတီး အသင်း နည်းပြ ပက်ဂွာဒီယိုလာ က လိဒ်ယူနိုက်တက် ကို လေး ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ အရေးကြီးတဲ့ နိုင်ပွဲရခဲ့တာ ဖြစ်ကြောင်း ဆိုခဲ့ပြီး စီးတီးက ဒိထက်တောင် ဂိုးတွေ သွင်းနိုင်ခဲ့သင့်တာ လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။

မန်စီးတီး အသင်းဟာ လိဒ်စ်ကို အမှတ်ပေး ဇယား ထိပ်ဆုံးကို ပြန်လည် တက်လှမ်း နိုင်ခဲ့သလို ဂိုးကွာခြားမှုမှာလည်း လီဗာပူးနဲ့ တစ်ဂိုး အကွာပဲ ဖြစ်သွားပါတယ်။

ပွဲအပြီးမှာတော့ ဂွာဒီယိုလာ က ” တကယ့်ကို ရှည်ကြာတဲ့ ရာသီတစ်ခုပါပဲ၊ ဒါပေမယ့် အခု အချိန်ကတော့ နောက်ဆုံး ကြိုးစား အားထုတ်ရမယ့် အချိန်ပါပဲ။ လာမယ့်လေးရက်ကျရင် မက်ဒရစ်မှာ ဖိုင်နယ် ပွဲလိုမျိုး ကစားရပါမယ်၊ အဲ့ဒီ ပွဲပြီးရင်တော့ ပရီးမီးယားလိဂ် လက်ကျန် လေးပွဲကို ကစားရမယ်။ ”

” ဒီနေ့က သိပ်ကို အရေးပါခဲ့ပါတယ်၊ ကျွန်တော်တို့ ချန်ပီယံ ထပ်ဖြစ်ဖို့ အတွက် အခွင့်အရေးကို အကောင်အထည် ဖော်ဖို့ပေါ့၊ ပထမပိုင်း အတွင်းမှာ ကျွန်တော်တို့ ကစားရ ခက်ခဲခဲ့ပါတယ်၊ ဒုတိယဂိုး သွင်းအပြီးမှာ ကျွန်တော်တို့ ပွဲကို ထိန်းချုပ် နိုင်ခဲ့တယ်၊ ကျွန်တော်တို့ ဂိုးတွေ ဒီထက် ပိုသွင်းနိုင်ခဲ့သင့်ပါတယ်။ ”

” တကယ့်ကို အံ့အားသင့်ဖို့ ကောင်းမွန်တဲ့ ရလဒ်ပါပဲ၊ အရမ်းလည်း အရေးပါခဲ့ပါတယ်၊ ကျွန်တော်တို့ ခံစစ်ကို ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်၊ တစ်ခါတစ်လေမှာ တည်ကန်ဘောတွေက အရေးကြီးတယ်၊ နသန် အကီ ကွင်းထဲမှာ ရှိနေရင် ကျွန်တော်တို့ အသင်းက တကယ့်ကို တောင့်တင်းမှု ရှိပါတယ်။ ”

” လာပေါ့တ် ကစားသွားတာလည်း တကယ့်ကို ကောင်းပါတယ်၊ ကျွန်တော်တို့ ရာသီမကုန်ခင္ ကစားဖို့ ၅ ပွဲ ရှိနေပါသေးတယ်။ ” လို့ ပြောကြားသွားခဲ့ပါတယ်။