ချယ်ဆီးရဲ့ အကောင်းဆုံး ကစားသမား ၂ ဦးကို နွေမှာ ခေါ်ယူဖို့ ချိန်ရွယ်ထားတဲ့ မန်စီးတီး
မန်စီးတီးအသင်းဟာ ချယ်ဆီးအသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ညာအစွန်လူ ရိစ်ဂျိမ်းနဲ့ ကွင်းလယ်လူ မောင့်ကို ခေါ်ယူဖို့ အလေးအနက် စိတ်ဝင်စားနေဖွယ်ရှိတယ်လို့ ယူဆချက်တွေ တိုးပွားလာပါတယ်။
ချယ်ဆီး ကွင်းလယ်လူ မောင့်ဟာ ဥရောပရဲ့ အကောင်းဆုံး လူငယ်ကွင်းလယ်လူတွေထဲက တစ်ယောက် ဖြစ်လာခဲ့ပြီးနောက် ဒီရာသီပြိုင်ပွဲစုံ ၁၂ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကွင်းလယ်လူဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ စာချုပ် ၂ နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး လန်ဒန်ကလပ်ရဲ့ အသင်းပိုင်ရှင် အပြောင်းအလဲ မရေရာမှုတွေကြားမှာ ဥရောပထိပ်သီးကလပ်တွေရဲ့ ဆွဲဆောင်မှုကို ခံရနိုင်ပါတယ်။
The Athletic ရဲ့ ဖော်ပြမှုအရ ပရီးမီးယားလိဂ်ရဲ့ အကြီးမားဆုံး ကလပ်သုံးခုဟာ အင်္ဂလန်သားကို ခေါ်ယူဖို့ ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ဘယ်ကလပ်တွေလဲတော့ မသိပေမယ့် ဥရောပရဲ့ တခြားကလပ်တွေဟာလည်း သူ့ကို စိတ်ဝင်စားနေတာကြောင့် ချယ်ဆီးဟာ ဒီနွေမှာ ကြယ်ပွင့်ကစားသမားကို ဆက်ထိန်းထားဖို့ အပြိုင်အဆိုင်တွေနဲ့ ကြုံရနိုင်ပါတယ်။

အဆိုပါ ကလပ် ၃ သင်းထဲမှာ မန်စီးတီးလည်း ပါဝင်နိုင်ပြီး မြင့်မားတဲ့ လုပ်ခတွေနဲ့ ဆွဲဆောင်မယ်လို့ ယူဆရတယ်။ မောင့်ဟာ တစ်ပတ်လုပ်ခ ပေါင် ၇ သောင်းနဲ့အတူ ချယ်ဆီးရဲ့ လက်ရှိ လုပ်ခအနည်းဆုံး ကစားသမားတစ်ယောက် ဖြစ်ပြီး အသင်းရဲ့ လက်ရှိ ကန့်သတ်ခံရမှုတွေကြားမှာ အနောက်လန်ဒန် ကလပ်ဟာ စာချုပ်သစ် ကမ်းလှမ်းမှု မလုပ်နိုင်သေးတာ ဖြစ်ပါတယ်။
စာချုပ်သက်တမ်း နောက်ဆုံး ၂ နှစ် သာ ကျန်ရှိတော့သလို ကစားသမားနဲ့ ပတ်သက်ပြီး ဆွေးနွေးလိုတဲ့ အင်အားစုတွေ မြင့်တက်လာနေတာနဲ့အတူ မောင့်ရဲ့ စာချုပ်အခြေအနေက ချယ်ဆီးကို မရေမရာ အခြေအနေတစ်ခုမှာ ရှိနေစေပါတယ်။
ထိပ်တန်းဥရောပကလပ်တွေဟာ ညာနောက်ခံလူ ရိစ်ဂျိမ်းစ်ကိုလည်း စိတ်ဝင်စားနေတာပါ။ မနှစ်က နွေရာသီမှာ သူဟာ မန်စီးတီးရဲ့ အလိုရှိစာရင်းထဲ ပါဝင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် သူက နောက်၃ နှစ်အထိ စာချုပ်သက်တမ်း မကုန်သေးတာကြောင့် မောင့်လိုမျိုး အသည်းအသန် အခြေအနေတစ်ခုမှာ မရှိနေပါဘူး။
ဂျိမ်းစ်ဟာ သိပ်ကောင်းတဲ့ ညာတောင်ပံခံစစ် ကစားသမားဆိုတာကို တစ်ရာသီလုံး သက်သေပြခဲ့ပြီးဖြစ်ပြီး အသက်ငယ်သေးပေမယ့် ဗဟိုခံစစ်၊ ကွင်းလယ်နေရာတွေမှာပါ ကစားနိုင်တဲ့ စွယ်စုံရ အရည်အသွေး ရှိပါတယ်။ ချယ်ဆီးအနေနဲ့ သူ့ကို နှစ်ရှည်၊ လစာများများနဲ့ စာချုပ်မချုပ်နိုင်ရင် ရီးရဲလ်၊ စီးတီးတို့ရဲ့ စိတ်ဝင်စားမှုတွေကြောင့် ဂျိမ်းစ်ကို ဆုံးရှုံးရနိုင်တဲ့ အန္တရာယ်ရှိနေတာပါ။
