ဘာနေဗျူးမှာ ဂိုးတွေမြူးဦးမယ့် ရီးရဲလ် – မန်စီးတီးတို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုကျော့ ပွဲကြို သုံးသပ်ချက်
ဒီတပတ် ကြားရက်မှာ မန်စီးတီးဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲ အဖြစ် စပိန်မြေမှာ ရီးရဲမက်ဒရစ် ကို သွားရောက် ရင်ဆိုင် ကစားတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ မေလ ၅ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၁:၃၀ နာရီ၊ ဘာနေဗျူး ကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။
ပထမအကျော့တုန်းကတော့ ရီးရဲမက်ဒရစ်နဲ့ မန်စီးတီးတို့ပွဲစဉ်ဟာ စိတ်လှုပ်ရှားစရာကောင်းလွန်းခဲ့ပြီး အပြန်အလှန် သွင်းဂိုးတွေနဲ့ ပွဲက အကြိတ်အနယ် ရှိခဲ့ပါတယ်။ အီတီဟတ်က ပွဲစဉ်မှာ မန်စီးတီးက အသာစီး ကစားနိုင်ခဲ့ပြီး ပိုကောင်းတဲ့ အသင်းဆိုပေမဲ့ ရီးရဲမက်ဒရစ်ကလည်း အတွေ့အကြုံရင့်ကျက်တဲ့ အသင်းပီပီ သူတို့ရဲ့ သမ္ဘာကို ပြသခဲ့ပါတယ်။
ရီးရဲမက်ဒရစ်မှာ ဘန်ဇီမာကိုသာ ကြောက်ရမှာဆိုပေမဲ့ အဲဒီဘန်ဇီမာကပဲ ထိန်းမရနိုင်အောင် ကောင်းမွန်ခဲ့တာပါ။ အိမ်ရှင် ရီးရဲမက်ဒရစ် အနေနဲ့ ပြီးခဲ့တဲ့ပွဲစဉ်မှာ အက်စ်ပန်ညိုကို ဂိုးပြတ်အနိုင်ယူပြီး လာလီဂါ ချန်ပီယံဆုကို သိမ်းပိုက်နိုင် ခဲ့လို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြင့်တက်နေမှာဖြစ်ပြီး ဒီပွဲအတွက် ယုံကြည်မှုကလည်း အပြည့် ရှိနေမှာပါ။
ရီးရဲမက်ဒရစ်ဟာ ဒီရာသီချန်ပီယံလိဂ် အိမ်ကွင်း ၅ ပွဲ ယှဉ်ပြိုင်ခဲ့ရာမှာ ၃ ပွဲအနိုင်ရရှိခဲ့ပြီး ၂ ပွဲအရေးနိမ့်ခဲ့ပါတယ်။ ရီးရဲရဲ့ တိုက်စစ်ပိုင်းက ဘန်ဇီမာ တစ်ဦးတည်းသာ အားကိုးနေရတယ်ဆိုပေမဲ့ ဘန်ဇီမာကလည်း လတ်တလောမှာ ထိန်းချုပ်ရခက်ပြီး ဂိုးတွေ ဆက်တိုက်မြူးနေတာ ဖြစ်ပါတယ်။
မန်စီးတီးကတော့ ဒီပွဲစဉ်အတွက် ပြီးခဲ့တဲ့လိဒ်စ်နဲ့ပွဲမှာ အဓိက ကစားသမားတချို့ကို အနားပေးထားခဲ့ပါတယ်။ ပထမ အကျော့တုန်းကလည်း မန်စီးတီးတို့ အဆုံးသတ်သေချာရင် ၆ ဂိုး၊ ၇ ဂိုး ပြတ်သွားနိုင်တဲ့ အခြေအနေမျိုးပိုင်ဆိုင်ခဲ့တာပါ။ လက်ရှိမှာ မန်စီးတီးက ပြီးပြည့်စုံတဲ့ခြေစွမ်းကို ပြသထားပြီး ဂျေဆု ဂိုးသွင်းခြေတွေ့နေတဲ့ တိုက်စစ်ပိုင်းကလည်း အားရစရာကောင်းကာ နောက်ဆုံး ၄ပွဲမှာ ၁၆ ဂိုး သွင်းယူထားပါတယ်။
မန်စီးတီးအတွက် တစ်ခုစိုးရိမ်စရာရှိတာက ဒီရာသီ ချန်ပီယံလိဂ် အဝေးကွင်းရလဒ်ပိုင်းပါ။ မန်စီးတီးဟာ ဒီရာသီ ချန်ပီယံလိဂ် အဝေးကွင်းမှာတော့ ရလဒ်ပိုင်း ကောင်းမွန်ခဲ့ခြင်း မရှိဘဲ အဝေးကွင်း ၅ ပွဲ ယှဉ်ပြိုင်ခဲ့ရာမှာ ဘရုဂျက်၊ လစ္စဘွန်းတို့ကိုသာ အနိုင်ရခဲ့ပြီး ပီအက်စ်ဂျီ၊ လိုက်ပဇစ်ကို အရေးနိမ့်ကာ အက်သလက်ကို သရေ ကစားထားပါတယ်။
အဝေးဂိုး စည်းမျဉ်း ပယ်ဖျက်လိုက်တာကြောင့် ရီးရဲအနေနဲ့ အိမ်ကွင်းမှာ ရဲရဲတင်းတင်း တိုက်စစ်ဖွင့်ကစားလာဖို့ ရှိနေပြီး ပထမအကျော့ကထက်တောင် ပိုပြီးအကြိတ်အနယ်ရှိမဲ့ ပွဲတစ်ပွဲကို တွေ့မြင်ရဖွယ် ရှိနေပါတယ်။ ဒီလိုအဆင့်မျိုးမှာ ခြေစွမ်းကွာဟချက် သိပ်မရှိကြလို့ ဘာနေဗျူးမှာ အပြန်အလှန်ဂိုးတွေနဲ့ သရေကျသွားပြီး မန်စီးတီး ဗိုလ်လုပွဲကို တက်ရောက်နိုင်မှာပါ။
ဒီပွဲရဲ့ ဖြစ်နိုင်ဖွယ်ရလဒ် ကတော့ ရီးရဲမက်ဒရစ် ၂-၂ မန်စီးတီး ဖြစ်ပါတယ်။