တစ်နေရာ အားနည်းတာကလွဲလို့ မန်စီးတီးပဲ ဗိုလ်လုပွဲ တက်ဖို့ များတယ်လို့ အာဆင်ဝင်းဂါး သုံးသပ်

အာဆင်နယ်အသင်းရဲ့ သက်တော်ရှည် နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးကတော့ ဒီည ယှဉ်ပြိုင်ကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီး တို့ ဆီမီးဖိုင်နယ်ပွဲကနေ မန်စီးတီးပဲ ဗိုလ်လုပွဲကို တက်ရောက်နိုင်မယ်လို့ သုံးသပ် ပြောဆို သွားပါတယ်။

မန်စီးတီးဟာ ပထမအကျော့ကို ၄-၃ နဲ့ အနိုင်ရ ဦးဆောင်ထားပြီး လတ်တလော ခြေစွမ်းတွေအရ ဗိုလ်လုပွဲရောက်ဖို့ ပိုမို ရေပန်းစားနေတာပါ။ ဒီပွဲမှာ မန်စီးတီး ခံစစ်က လူပြန်စုံလာမယ်လို့ မျှော်လင့်ရပေမယ့် ဝေါ်ကာ ပါနိုင်မလား မပါနိုင်ဘူးလားဆိုတာက အရေးပါလိမ့်မယ်လို့ အာဆင်ဝင်းဂါးကြီးက မြင်ပါတယ်။

ဘယ်အသင်း ဗိုလ်လုပွဲ တက်ဖို့များလဲ အမေးကို ဝင်းဂါးက ပြောရာမှာ ‘ စီးတီးပေါ့။ သူတို့က ပိုကောင်းတဲ့ အသင်းပဲ။ စီးတီး အတွက် တစ်ခုတည်းသော ကိစ္စက ခံစစ်မှာ ဝေါ်ကာ မကစားနိုင်ဘူးဆိုရင် သူတို့အသင်း အားနည်း သွားနိုင်ပါတယ်။

ကန်ဆယ်လိုနဲ့ ဝေါ်ကာတို့ ကစားနိုင်ချိန်မှာ ခံစစ်က ဘောလုံးပေးမှုတွေနဲ့အတူ သူတို့က ကောင်းကောင်း တုန့်ပြန် နိုင်တယ်။ ခံစစ်မှာ ဝေါ်ကာ မပါနိုင်ချိန်မှာ မန်စီးတီးက အနည်းငယ် အားနည်းနိုင်ပါတယ် ’ လို့ ဆိုပါတယ်။

အာဆင်ဝင်းဂါးကပဲ နည်းပြ အန်ဆယ်လော့တီရဲ့ အသင်းမှာ သိပ်ကောင်းတဲ့ စုဖွဲ့မှုတွေလည်း ရှိထားတယ်လို့ မြင်ပါတယ်။ ချန်ပီယံလီဂ်မှာ နောက်ဆုံး ၄ ပွဲအတွင်း ၉ ဂိုး သွင်းယူထားတဲ့ ဘန်ဇီမာနဲ့ လူငယ်တိုက်စစ်သမား ဗင်နီးဆီးယက်စ်တို့ကို ချီးကျူး ခဲ့ပါသေးတယ်။

တဖက်မှာ လီဗာပူးအသင်းက ဗီလာရီးရဲလ်ကို အနိုင်ယူကာ ပဲရစ်မှာ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကြိုတင် တက်ရောက်ထားခဲ့ပြီ ဖြစ်ပါတယ်။