နာကျင်ဖွယ် ချန်ပီယံလိဂ် ရှုံးပွဲအပြီးမှာ ဖြစ်တတ်ပါတယ်လို့ ပြောလာတဲ့ မန်စီးတီးနည်းပြ ဂွာဒီယိုလာ
မန်ချက်စတာ စီးတီးအသင်းဟာ ညက စပိန်မြေမှာ ရီးရဲလ်မက်ဒရစ်ကို ၃-၁ နဲ့ ရှုံးနိမ့်သွားတာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၆-၅ နဲ့ ဒီရာသီ ချန်ပီယံလိဂ်ကို ဆီမီးဖိုင်နယ် အဆင့်ကနေ နှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။
မန်စီးတီး အသင်း နည်းပြ ဂွာဒီယိုလာ က ချန်ပီယံလိဂ် အရှုံးကို လက်ခံရမှာဖြစ်ပြီး အခုအချိန်မှာ ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို ပြန်လည် ထိန်းသိမ်းနိုင်ဖို့ အာရုံစိုက်ရမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
မန်စီးတီး အသင်းဟာ ပွဲပြီးဆုံးခါနီးထိ အနိုင်ရလဒ် ရယူနိုင်ခဲ့ပေမယ့် မိနစ်(၉၀) နဲ့ (၉၁) မိနစ်မှာ ရီးရယ်လ် အသင်းကို ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို အံအားသင့်ဖွယ် ပြန်ပေးခဲ့ရတာကြောင့် အချိန်ပို ဆက်လက် ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။
အချိန်ပိုမှာ ဘန်ဇီမာ က ရီးရယ်လ် အတွက် ပင်နယ်တီ ကနေ အနိုင်ဂိုးသွင်းယူခဲ့တာကြောင့် ရီးရဲလ် အသင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်နိုင်ခဲ့တာပါ။ ရီးရဲလ်မက်ဒရစ် အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် လီဗာပူးလ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဂွာဒီယိုလာ က “ကျွန်တော်တို့ နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ ကျွန်တော်တို့ ပန်းတိုင်ကို မရောက် နိုင်ခဲ့ပါဘူး။ ဒါက ရိုးရှင်းပါတယ် ပထမပိုင်းမှာ ကျွန်တော်တို့ ကောင်းမွန်စွာ မကစားနိုင်ခဲ့ပါဘူး။ ဂိုးရအပြီးမှာ ကျွန်တော်တို့ ပိုကောင်းခဲ့ပြီး ကျွန်တော်တို့ရဲ့ အရှိန်ကို ရှာတွေ့ခဲ့ပါတယ်”
“ကျွန်တော်တို့ ဂိုးရနိုင်မယ့် အခိုက်အတန့်တွေ ရှိခဲ့ပေမယ့် ဖိအားတွေမပေးနိုင်ခဲ့ပါဘူး။ ဒါက ကိစ္စတော့မဟုတ်ပါဘူး။သူတို့ ဟာ ဂိုးဧရိယာထဲမှာ ဘန်ဇီမာ၊အဆန်စီယို၊ ရိုဒရီဂို နဲ့ ကစားသမားတွေ အများကြီး ရှိခဲ့ပါတယ်”
“ပြီးတော့ သူတို့ ဟာ ဖြတ်တင်ဘောတွေနဲ့ သွင်းဂိုး(၂)ဂိုး ရရှိသွားခဲ့တာပါ။ ကျွန်တော်တို့ အများကြီးတော့ မခံစားရပါဘူး။ ကျွန်တော်တို့ အကောင်းဆုံး မကစားနိုင်ပေမယ့် ဒါက ပုံမှန်ပါပဲ။ ကျွန်တော်တို့ နီးစပ်ခဲ့ပါတယ်”
“ဘောလုံးဆိုတာ ခန့်မှန်း မှန်းဆလို့မရသလို တစ်ခါတစ်ရံမှာ ဒါကို လက်ခံရပါမယ်။ အဝတ်လဲခန်းထဲမှာ သူတို့တွေ ဝမ်းနည်းနေကြပါတယ်။ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့က နီးစပ်ခဲ့လို့ပါ။ အခုအချိန်မှာတော့ ကျွန်တော်တို့ရဲ့ နောက်ဆုံး ပွဲတွေအတွက် ပြန်လည် လုပ်ဆောင်ဖို့ အချိန်လိုပါတယ်”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအတွက် ဒီရာသီ အခိုင်မာဆုံး ဆုဖလား အခွင့်အရေးက ပရီးမီးယားလိဂ်မှာသာ ကျန်တာ ဖြစ်ပြီး အမှားမခံဘဲ ဆုဖလား သိမ်းပိုက်နိုင်ဖို့သာ လိုအပ်ပါတယ်။