လူစားလဲတာတွေ ညံ့ဖျင်းလွန်းတယ်လို့ ချန်ပီယံလိဂ် ရှုံးပွဲအပြီး ဂွာဒီယိုလာ အပြစ်တင်ခံနေရ
ညက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ရီးရဲလ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပြီးနောက်မှာတော့ မန်စီးတီး အသင်း ပရိသတ်တွေက နည်းပြ ပက် ဂွာဒီယိုလာ အနေနဲ့ ဆိုးရွားတဲ့လူစားလဲမှုတွေကို ပြုလုပ်ခဲ့တာကြောင့် အခုလို ပြိုင်ပွဲက ထွက်ခဲ့ရတာဆိုပြီး လူမှုကွန်ယက်ကနေ ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။
ပထမအကျော့က အနိုင်ရခဲ့သလို ဒုတိယအကျော့မှာလည်း ဦးဆောင်ဂိုးရခဲ့တဲ့ မန်စီးတီးအနေနဲ့ ရီးရဲလ်အသင်းရဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးသွင်းယူမှုတွေကို ခွင့်ပြုခဲ့ရတာကြောင့် ပြိုင်ပွဲကထွက်ခဲ့ရတာဖြစ်ပါတယ်။
သတင်းမီဒီယာတွေကလည်း မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ်ရနိုင်တဲ့ အခွင့်အရေးကို နောက်ထပ်တစ်ရာသီ ဆုံးရှုံးခဲ့ပြန်ပြီ လို့ ဖော်ပြခဲ့ကြပါတယ်။ မန်စီးတီး အနေနဲ့ မရဖူးသေးတဲ့ ဒီဥရောပဖလား ကို လက်တစ်ကမ်းမှာမှ နှစ်ရာသီ ဆက်တိုက် ပုတ်ချခံခဲ့ရပြန်တာပါ။

မန်စီးတီးအသင်းပရိသတ်တွေအနေနဲ့ အသင်းကြီးတွေနဲ့ ကစားရင် ကွင်းလယ်လူဒီဘရူနီရဲ့ စွမ်းဆောင်နိုင်မှုအပေါ်ကို ပြောဆိုဝေဖန်ခဲ့ကြသလို နည်းပြ ဂွာဒီယိုလာအနေနဲ့ အနိုင်ရနေချိန်မှာ ခံစစ် အားပြုတဲ့ကစားသမားတွေကို မထည့်ဘဲ တိုက်စစ်အားသန်တဲ့ကစားသမားတွေကို ထည့်သွင်းခဲ့တဲ့အတွက် ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။
ပွဲပြီး ခါနီး အနိူင်ရခါနီးတော့ ဂွာဒီယိုလာက ဂိုးသွင်းတဲ့ မာရက်စ် ကို လူစားလဲခဲ့ပြီး ဖာနန်ဒင်ညိုကို ဝင်စေကာ ခံစစ်ပိတ်ဆော့ဖို့ လုပ်ခဲ့ပါတယ်။ ဒါပမေယ့် ဖာနန်ဒင်ညို ကိုယ်တိုင် ကွင်းလယ်မှာ ရုန်းကန်နေခဲ့ရပြီး ကွင်းလယ် ကစားသမားတွေ များပြားလွန်းတဲ့ မန်စီးတီး အသင်းက လိုအပ်တဲ့ ဒုတိယဂိုးကို ရအောင် မရှာနိူင်ခဲ့ပါဘူး။
ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ရောက်ဖို့ သေချာနေသလောက် အနေအထားကနေ ပြိုင်ပွဲကထွက်ခဲ့ရတဲ့အတွက် မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရတယ်လို့လည်း မန်စီးတီး အသင်း ပရိသတ်တွေက ပြောဆိုခဲ့ကြပါတယ်။
ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီကတော့ ချန်ပီယံလိဂ်ချန်ပီယံဆုကို ၁၃ ကြိမ် ရယူထားနိုင်တဲ့ သူတို့ အသင်းသမိုင်းက မန်စီးတီးကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်ဖို့အတွက် အင်အားတစ်ရပ် ဖြစ်စေခဲ့တာ လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။
