လူစာရင်းကို ပြောင်းလဲမှုကြီးတွေ လုပ်ချင်လာတဲ့ မန်စီးတီး တာဝန်ရှိသူတွေနဲ့ နွေ အလားအလာများ

မန်စီးတီး တာဝန်ရှိသူတွေ ဟာ အသင်း ချန်ပီယံလိဂ် ပြိုင်ပွဲကနေ နှုတ်ထွက်လိုက်ရပြီးနောက် သူတို့ ကစားသမား စာရင်းကို အပြောင်းအလဲတွေ လုပ်ဖို့ ပြင်ဆင်လာသလို နည်းပြ ပက် ဂွာဒီယိုလာ ကိုလဲ စာချုပ်သစ် သက်တမ်း တိုးနိုင်ဖို့ ကြိုးစားလာနေပါတယ်။

မန်စီးတီး ဟာ မကြာခင်မှာပဲ ဒေါ့မွန် အသင်းက နော်ေ၀ တိုက်စစ်မှုး ဟာလန်း ကို စာချုပ် ဖျက်သိမ်းခွင့် လျော်ကြေး ပေါင် ၆၃ သန်း ပေးကာ ခေါ်ယူတော့မယ်လို့ မျှော်လင့်ရပြီး ၊ အပြောင်းအလဲတွေ က အဲဒီ နေရာကနေ စတင်လာဖွယ် ရှိနေပါတယ်။

လက်ရှိ မန်စီးတီး တာဝန်ရှိသူတွေ အကြားမှာ အသင်းနဲ့ လမ်းခွဲတော့မယ့် ဖာနန်ဒင်ဟို ရဲ့ နေရာကို အစားထိုးဖို့ ကွင်းလယ် ကစားသမား တစ်ယောက် အားဖြည့်ဖို့ လိုအပ်တယ်လို့ အပြည့်အ၀ လက်ခံထားပြီး ၊ အခြား စီနီယာ ကစားသမား ၅ ယောက် ရဲ့ အနာဂတ် ကလဲ သေချာရေရာမှု မရှိသေးပါဘူး။

တိုက်စစ်ကစားသမားတွေ ဖြစ်တဲ့ စတာလင် ၊ ဂျေဆု ၊ မာရက်ဇ် နဲ့ ဂွန်ဒိုဂန် တို့ဟာ လက်ရှိ စာချုပ်သက်တမ်း နောက်ဆုံးနှစ် အတွင်း ဝင်ရောက်တော့မှာ ဖြစ်သည့်တိုင်အောင် ၊ သူတို့ ရဲ့ အနာဂတ်တွေ က အသင်းမှာ ဆက်ရှိဖို့ မသေချာပဲဖြစ်လာပါတယ်။

ဒီရာသီမှာ မန်စီးတီး အတွက် ထင်မှတ်မထားလောက်အောင် ခြေစွမ်းပြ ကစားနေတဲ့ ဘာနာဒို ဆေးဗား ကတော့ ရာသီ အကုန်မှာ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး တရားဝင် ဆွေးနွေးသွားမယ်လို့ ပြောဆိုထားပါတယ်။ ပေါ်တူဂီ ကစားသမားဟာ မန်စီးတီး နဲ့ စာချုပ်သက်တမ်း တိုးနိုင်လိမ့်မယ်လို့ ယုံကြည်မှု အပြည့် ဖြစ်နေပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတုန်းက ရေးဗားပလိတ် အသင်း ရဲ့ တိုက်စစ်မှုး ဂျူလီယံ အယ်ဗာရက်ဇ် ကို ပေါင် 14 သန်း နဲ့ ခေါ်ယူထားခဲ့ပြီး ၊ အငှားပြန်ချထားခဲ့ပါတယ်။ လာမယ့် ဘောလုံးရာသီ ရောက်ရင် အဆိုပါ တိုက်စစ်မှုးကိုပါ ခေါ်ယူမလား ၊ နောက်တစ်ရာသီ ထပ်ပြီး အငှားချဦးမလား ဆိုတာတော့ မသိရသေးပါဘူး။

စတာလင် ကလဲ ရာသီအကုန် ရောက်တာနဲ့ တာဝန်ရှိသူတွေ ကို တွေ့ဆုံကာ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမှာပါ။ ထူးသဖြင့် အင်္ဂလန် နဲ့ အတူ ကမ္ဘာ့ဖလား ပါဝင် ကစားခွင့်ရဖို့ ပစ်မှတ်ထားနေတဲ့ အတွက် ၊ ပုံမှန် ကစားခွင့် ရဖို့က အရေးပါလျှက် ရှိနေပါတယ်။

ထိုနည်းတူစွာ ဂွန်ဒိုဂန် ကလဲ မန်စီးတီးမှာ ဆက်ရှိဖို့ပဲ များတယ်လို့ ပြောထားတာမျိုး ရှိသည့်တိုင်အောင် ၊ သူနဲ့ မာရက်ဇ် တို့ဟာ 31 နှစ် ဝန်းကျင် အတွင်း ရောက်လာပြီ ဖြစ်လို့ ၊ စာချုပ်သစ် ကိစ္စ အပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

အဲဒီ အထဲမှာ အသင်းနဲ့ လမ်းခွဲဖို့ ဖြစ်နိုင်ချေ အများဆုံး က တိုက်စစ်မှုး ဂျေဆု ဖြစ်ပြီး အခု ကတည်းက အပြောင်းအရွှေ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်လျှက် ရှိနေပါတယ်။

ကွင်းလယ် ကစားသမား နေရာအတွက်တော့ ဘာစီလိုနာ က နယ်သာလန် ကစားသမား ဒီဂျောင် ၊ ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဒက် ကလန်ရိုက်စ် တို့က မန်စီးတီး ရဲ့ စောင့်ကြည့် စာရင်းမှာ ပါဝင်ထားပါတယ်။