မနက်ဖြန် ကစားမယ့် မန်စီးတီး – နယူးကာဆယ် ပွဲအတွက် ဂုရုကြီး ပေါလ်မာဆန်ရဲ့ သုံးသပ်ခန့်မှန်းချက်

မန်စီးတီး အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ နယူးကာဆယ် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာပါ။ ဘောလုံးပွဲတွေ သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါလ်မာဆန်ကတော့ မန်စီးတီးနဲ့ နယူးကာဆယ် တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ပေါလ်မာဆန် က ” မန်စီးတီးဟာ ချန်ပီယံလိဂ် ဖိုင်နယ်ရောက်ဖို့ လေးမိနစ်သာ လိုအပ်ခဲ့သလို ရီးရဲလ်မက်ဒရစ်ကို မထင်မှတ်ထားတဲ့ အနေအထားမှာ ရှုံးနိမ့်ခဲ့တဲ့နောက် လုံးဝ စိတ်ပျက်နေမှာပါ။ ပက်ဂွာဒီယိုလာကို စိတ်ကြိုက် ချီးမွမ်းလို့ရပေမယ့် သူ့အနေနဲ့ အကြံတွေ ကုန်သွားခဲ့ပြီး သူ့ရဲ့ စီမံခန့်ခွဲပုံက အတော်လေး ဆိုးရွားခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။

မနှစ်က ချယ်ဆီးနဲ့ ဖိုင်နယ်ပွဲမှာ သူက အသင်းကို ပြောင်းလဲခဲ့ပြီး အဲ့ဒါကပဲ ရလဒ်ဆိုး ထွက်သွားစေခဲ့တာပါ။ ဒါကြောင့် သူ့ရဲ့ စဉ်းစားပုံအပေါ် တကယ်ကို မေးခွန်းထုတ်ဖို့ လိုလာပါပြီ။ ရီးရဲလ်မက်ဒရစ်က ဂိုးသွင်းဖို့ အခွင့်အရေး ၃ ကြိမ် ရခဲ့ပြီး ၃ ကြိမ်လုံး ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နယူးကာဆယ်က အဲ့ဒီ့လို အခွင့်အရေးတွေကို အဆုံးသတ်နိုင်စွမ်း မရှိတာကြောင့် စီးတီးက အနိုင်ရဖို့ သေချာပါတယ်။

သူတို့တွေ flase 9 ကစားတာကို ကျွန်တော်မကြိုက်ပါဘူး။ ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ အဲ့ဒီ့နေရာမှာ ကစားခဲ့တဲ့ ဖီးဖိုဒန်က တိုင်ပတ်နေခဲ့ပါတယ်။ အသင်းကြီးတစ်သင်းကို အဲ့လိုရင်ဆိုင်လို့ မရပါဘူး။ နောဝစ်ချ်တို့လိုအသင်းနဲ့ ကစားပြီး အဲ့လိုနည်းနဲ့ အပြတ်အသတ် ချေမှုန်းလို့ရပေမယ့် သူတို့တွေ နံပါတ် ၉ စစ်စစ်တစ်ယောက် တကယ်လိုအပ်နေပါတယ်။

ဟာလန်းက မန်စီးတီးနဲ့ ချိတ်ဆက်နေခဲ့တာပါ။ ကျွန်တော်ကတော့ သူ့ထက် ဟယ်ရီကိန်းကို ပိုကြိုက်ပါတယ်။ ကိန်းက တစ်ရာသီ လိဂ်ဂိုး ၃၀ လောက် သွင်းနိုင်သူပါ။ နယူးကာဆယ်က အသင်းကောင်းတစ်သင်း ဆိုပေမယ့် ပိုကောင်းတဲ့ အသင်းဖြစ်တဲ့ မန်စီးတီးပဲ နိုင်မှာပါ။ ဥရောပပြိုင်ပွဲ ရှုံးနိမ့်မှုက သူတို့အပေါ် ဘယ်လောက် သက်ရောက်စေမလဲဆိုတာ မသိတာမို့ ဒါက စောင့်ကြည့်ရမယ့်ပွဲပါပဲ။

သူတို့တွေ ပရီးမီးယားလိဂ်ဖလားရရင်တောင် သူတို့သုံးခဲ့ရတဲ့ ပိုက်ဆံတွေ ဘယ်လောက်ရှိပြီလဲ ဆိုတာ ပြန် စဉ်းစား သင့်ပါတယ်။ မန်စီးတီးက ဒီရာသီမှာ ချန်ပီယံလိဂ် ရသင့်ပေမယ့် မလုပ်နိုင်ခဲ့ပါဘူး။ ဂွာဒီယိုလာဟာ မက်ဆီမပါပဲ ဥရောပဖလား အောင်မြင်ခဲ့ခြင်း မရှိသလို မန်စီးတီးအနေနဲ့ ရည်မှန်းချက်ပန်းတိုင်ဆီ ရောက်ဖို့ အနည်းဆုံး နောက်တစ်နှစ် ထပ်စောင့်ရဦးမှာ ဖြစ်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။

ပေါလ်မာဆန် ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ စီးတီး ၂-ဝ နယူးကာဆယ် ယူနိုက်တက် ဖြစ်ပါတယ်။ ဒီနှစ်သင်း ကစားမယ့် ပွဲချိန်ကတော့ မေ ၈ ရက်၊ တနင်္ဂနွေနေ့၊ ည ၁ဝ နာရီ ဖြစ်ပါတယ်။