မြို့ခံပြိုင်ဘက် မန်ယူအသင်းရဲ့ ကစားသမားကိုမှ ဒီနွေမှ ခေါ်ယူသွားဖို့ ပြင်ဆင်နေတဲ့ မန်စီးတီး

ဒီနွေမှာ ယူနိုက်တက်ကနေ အလွတ်နဲ့ ထွက်ခွာခွင့်ရမှာဖြစ်ပြီး စာချုပ်ကိစ္စလည်း ညိနှိုင်းမှုတွေ မရှိတဲ့ ပေါ့ဘာကို လက်မှတ်ထိုး ခေါ်ယူဖို့ မန်စီးတီးက စဉ်းစားလာကြောင်း အံ့သြသင့်ဖွယ် သတင်းက ဒီမနက်မှာပဲ ထွက်ပေါ်လာပါတယ်။

ဗြိတိန်သတင်းဌာန ဒေးလီးမေလ်းနဲ့ Goal သတင်းထောက် Jonathan Smith တို့က ဒီသတင်းကို ဖော်ပြလာခဲ့ပြီး ပေါ့ဘာကိုယ်တိုင်ကလည်း အိုးထရတ်ဖိုဒ့်နဲ့ စာချုပ် ကုန်ဆုံးခဲ့ရင် မန်ချက်စတာမှာပဲ ဆက်နေကာ မန်စီးတီးအတွက် ကစားပေးဖို့ကို လမ်းဖွင့်ပေးမယ့် အနေအထားလို့ သိရတယ်။

၂၀၁၆ မှာ ဂျူဗင်တပ်ကနေ ယူနိုက်တက်ကို ကမ္ဘာစံချိန်တင်ကြေး ယူရို သန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ပေါ့ဘာကို ခေါ်ယူလိုတဲ့ ကလပ်တွေထဲမှာ ပီအက်စ်ဂျီလည်း ပါဝင်ထားပါတယ်။

မန်စီးတီးမှာ ဖာနန်ဒင်ဟို ထွက်ခွာတော့မှာဖြစ်ပြီး ဂွာဒီယိုလာဟာ နံပါတ် ၆ နဲ့ နံပါတ် ၈ နေရာတွေမှာ ကစားနိုင်တဲ့ ပေါ့ဘာကို သဘောကျမှုရှိပါတယ်။ စပိန်လက်ရွေးစင် ရိုဒရီက အတွင်းလူနေရာကနေ အထင်ကြီးဖွယ် စွမ်းဆောင်ပြနေပြီး သူ့ကို ပေါ့ဘာနဲ့ တွဲဘက်ပေးဖို့မျိုး မန်စီးတီးဘက်က စဉ်းစားလာတာပါ။

စီးတီးဘက်က တရားဝင် လှုပ်ရှားမှုတွေ မရှိသေးသလို ပေါ့ဘာ အလွတ်နဲ့ ထွက်ခွာမယ့် ဂျူလိုင်လ ၁ ရက်နေ့ မတိုင်ခင်ထိ ချိတ်ဆက်မှုတွေ ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ ကမ္ဘာဖလား အနိုင်ရ ကွင်းလယ်လူဟာ ဟာလန်းနည်းတူ ကွယ်လွန်သွားတဲ့ အေးဂျင့် ရွိုင်အိုလာရဲ့ အေဂျင်စီ လက်အောက်မှာ ရှိထားသူတွေဖြစ်ပါတယ်။

ဒီအပြောင်းအရွှေ့ ဖြစ်လာခဲ့ရင် ၂၀၀၉ တုန်းက ကာလိုစ့် တီဗက်စ်ရဲ့ အိုးထရတ်ဖိုဒ့်ကနေ အီသီဟက်ကို ပြောင်းရွှေ့မှုမျိုး နောက်တစ်ကြိမ် ဖြစ်လာနိုင်တယ်။ တီဗက်စ်ကို ခေါ်ယူနိုင်ကြောင်း ကြေညာစဉ် “Welcome To Manchester” ဆိုပြီး ကြေညာမှုကြောင့် နည်းပြကြီး ဆာအဲလက်စ်က မန်စီးတီးကို စိတ်ဓါတ်ပိုင်း သေးနုပ်တဲ့ အသင်းငယ်လေးလို့ ဝေဖန်ခဲ့ဖူးပါတယ်။

ယူနိုက်တက်ဟာ ဒီနွေတုန်းကလည်း ရော်နယ်ဒိုကို ခေါ်ယူဖို့ အစီအစဉ် မရှိပေမယ့်လို့ မန်စီးတီးထံ မရောက်ရေး ကြားဖြတ် ခေါ်ယူခဲ့သေးတာ ဖြစ်ပါတယ်။