ဒီနှစ်လို့ ဟက်ကော့ကြီး မဖြစ်အောင် နွေမှာ လူသစ် ၃ ဦး ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ ဒီနွေမှာ ကစားသမားသစ် ခေါ်ယူတဲ့အခါ ကွင်းလယ်လူ စစ်စစ် တစ်ဦးကိုလည်း အင်အားဖြည့်ပြီး လူစာရင်းကို ပြုပြင်မှုတွေ ပြုလုပ်ဖို့ ရည်ရွယ်လာကြောင်း ဒေးလီးမေလ်းက ဖော်ပြပါတယ်။

ကြားရက်က ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ပြီးတဲ့နောက်မှာ လူစာရင်းအတွက် အစီအစဉ်သစ်တွေကို မန်စီးတီးတို့ ရေးဆွဲနေပြီး အနည်းဆုံး မျက်နှာသစ် ၃ ဦးလောက်ကို အင်အားဖြည့်တင်းဖို့ စဉ်းစားလာနေပါတယ်။ ရေးဗားပလိတ်ကနေ အယ်ဗားရက်စ်ကို ခေါ်ယူဖို့ကိုအတွက် အကြိုသဘောတူညီမှု ရထားပြီဖြစ်ကာ နောက်ထပ် အထောင်တိုက်စစ်မှူးနဲ့ ကွင်းလယ်လူသစ်ကိုပဲ ဆက်ပြီး ကြိုးစားမှာဖြစ်တယ်။

ပရီးမီးယားလိဂ် ဦးဆောင်သူတွေဟာ တိုက်စစ်မှာ အယ်ဗာရက်စ်နဲ့ တွဲဘက်ပေးဖို့ ဟာလန်းကို ဦးစားပေး ကြိုးစားနေတာဖြစ်တယ်။ အသက် ၂၁ နှစ်အရွယ် တိုက်စစ်သမားကို ခေါ်ယူရေးမှာ စီးတီးက ဦးဆောင်နေကာ နောက်ထပ် အရေးပါတဲ့ အားဖြည့်မှုအဖြစ် ကွင်းလယ်လူ ရှာပုံတော်ကို ဖွင့်လာနေခဲ့ပါတယ်။

ဒီအပတ်တွေမှာပဲ ဘာစီလိုနာဘက်က ကွင်းလယ်လူ ဒီဂျောင်းအတွက် ကမ်းလှမ်းမှုတွေကို နားထောင်ပေးသွားမယ်ဆိုတဲ့ သတင်းတွေ ထွက်လာတဲ့နောက် ဂွာဒီယိုလာက လွန်ခဲ့တဲ့ ၃ နှစ် အေဂျက်အသင်းမှာ ကစားနေစဉ်တည်းက သူနှစ်သက်ခဲ့တဲ့ နယ်သာလန်သားကို ခေါ်ယူဖို့ စိတ်အားထက်သန်လာတာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူအတွက် ဘာစီလိုနာက ပြောင်းရွှေ့ကြေး ပေါင် ၅၈ သန်း တောင်းဆိုမှာဖြစ်တယ်။ ဒါဟာ သူ့အသက် ၂၁ နှစ်အရွယ်တုန်းက အေဂျက်ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ခဲ့တဲ့ ပြောင်းရွှေ့ကြေး ပေါင် ၆၄ သန်းထက် ပေါင် ၆ သန်း လျော့နည်းမှာပဲ ဖြစ်ပါတယ်။

ကက်တလန်ကလပ်ရဲ့ နည်းပြ ဇာဗီက ဒီဂျောင်းကို အထင်ကြီးသူဖြစ်ပေမယ့်လို့ စပိန်ကလပ်ရဲ့ ဘဏ္ဍာရေး ငွေသား လိုအပ်ချက်အရ အသင်း ဟန်ချက်ညီရေးမှာ ကစားသမား ရောင်းထုတ်မှုတွေ လုပ်ရဖို့ရှိနေပြီး ဒီဂျောင်းကို အဆိုပါ ကစားသမားတွေထဲက တစ်ဦးဖြစ်လာဖို့ ရှိနေပါတယ်။

ဒီနွေမှာတော့ စီးတီးဟာ အသင်းခေါင်းဆောင် ဖာနန်ဒင်ဟိုကို ထွက်ခွင့်ပေးမှာပါ။ ဒါ့အပြင် စာချုပ် ၁၂ လပဲ ကျန်ရှိတော့တဲ့ ဂျေးဆု၊ စတာလင်၊ ဂွမ်ဒိုဂန်နဲ့ မာရက်ဇ်တို့ကိုလည်း ရောင်းထုတ်ဖို့ ကြိုးစားမှာဖြစ်တယ်။ သူတို့အတွက် ရမယ့် ပြောင်းရွှေ့ကြေးတွေကနေ နောက်ထပ် ကစားသမား အချို့ကို ခေါ်ယူဖို့လည်း ကြိုးစားလာလိမ့်မယ်လို့ သိထားရတယ်။

ဂွာဒီယိုလာဟာ လူငယ်ကစားသမားတွေဖြစ်တဲ့ ပါးမားနဲ့ မက်အတီတို့ကိုလည်း နေရာပေးဖွယ် ရှိပြီး အသင်းရဲ့ လူစာရင်းကို ပြန်လည် စုဖွဲ့လိုနေတာ ဖြစ်ပါတယ်။