ဥရောပ အရှုံးကို မမေ့နိုင်ပေမယ့် ပရီးမီးယားလိဂ် ပွဲကျန်တွေ အကုန် နိုင်မယ် ယုံကြည်ထားတဲ့ ပက်
မန်စီးတီး ကစားသမားတွေ အနေနဲ့ ချန်ပီယံလိဂ် ရှုံးပွဲအကြောင်းကို တွေးမိနေဦးမှာဖြစ်တယ်လို့ နည်းပြ ဂွါဒီယိုလာက ဝန်ခံခံခဲ့ပေမယ့် ဒါက အသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ လမ်းကြောင်းကိုတော့ ထိခိုက်စေမှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း ပွဲကြိုမှာ ပြောဆိုခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ရီးရဲမက်ဒရစ် အသင်းကို ပထမအကျော့မှာနိုင်၊ ဒုတိယအကျော့မှာလဲ ဦးဆောင်ဂိုး စသွင်းခဲ့ပေမယ့် မိနစ် ၉၀ မှ စကာ ပေးလိုက်ရတဲ့ဂိုးတွေနဲ့ အရေးနိမ့်ကာ ဆီမီးဖိုင်နယ်ကနေ လှည့်ပြန်ခဲ့ရတာပါ။
မန်စီးတီးက ပရီးမီးယားလိဂ်မှာလဲ ၄ပွဲသာ ကစားဖို့ကျန်နေသေးပေမယ့် လီဗာပူးအသင်းရဲ့ တောက်လျှောက် ဖိအားပေးခြင်း ကို ခံနေရတာဖြစ်ပြီး ပက် ဂွာဒီယိုလာ ရဲ့ သတင်းစာ ရှင်းလင်းပွဲဟာ ချန်ပီယံလိဂ် မေးခွန်းတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။
စပိန်သားနည်းပြက သူ့ကစားသမားတွေရဲ့ စိတ်ထဲမှာ အရှုံးကို မမေ့နိုင်ဘဲ သူ့လိုပဲ ခံစားနေရမယ် ဆိုတာကို တွေးမိပေမယ့် အသင်းရဲ့ လာမယ့်ပွဲတွေ ရလဒ်ပိုင်းနဲ့ ပတ်သက်ပြီးကတော့ စိတ်ပူခြင်း မရှိဘူး လို့ ပြောသွားခဲ့တာပါ။
ဂွါဒီယိုလာက ” ကစားသမားတွေအနေနဲ့ ဒီအရှုံးအကြောင်းကို အတင်းကြီး မေ့ပစ်စရာမလိုပါဘူး။ ကျွန်တော်တို့ ဘယ်လို မေ့နိုင်မှာလဲ။ ဒါပေမယ့် ကျွန်တော်တို့က နယူးကာဆယ်နဲ့ ကစားရမှာဆိုတော့ ဒီအကြောင်း တွေးရမှာ အသေချာပဲလေ’
‘ကျွန်တော့် ကစားသမားတွေအားလုံးက လေ့ကျင့်ရေးကွင်းထဲမှာ၊ အစည်းအဝေးခန်းထဲမှာ၊ သွေးပူလေ့ကျင့်ခန်း လုပ်တာက အစ အားလုံးစိတ်နှစ်ထားကြတာပါ။ အနိုင်ရဖို့ အတွက်ကတော့ စိတ်မပူပါဘူး’ လို့ပြောသွားခဲ့တာပါ။
မန်ချက်စတာစီးတီး အသင်းအနေနဲ့ ချန်ပီယံလိဂ် ပွဲ အပြီး ဒီ တနင်္ဂနွေနေ့မှာ နယူးကာဆယ်အသင်းနဲ့ ကစားရမှာဖြစ်ပေမယ့် လူအင်အား တောင့်တင်းတာကြောင့် ပွဲပန်းမှာကိုတော့ စိတ်ပူရဖွယ် မရှိပါဘူး။
Zawgyi