အခုဆို လူတိုင်းက တီဗီဖွင့် မန်စီးတီးပွဲကို ကြည့်ချင်နေကြပြီလို့ ဆိုခဲ့တဲ့ ဂွာဒီယိုလာ

မန်စီးတီးနည်းပြ ဂွာဒီယိုလာက မန်ချက်စတာကလပ်မှာ သူရှိနေတဲ့ ၆ နှစ်အတွင်း ကလပ်ရဲ့ အိပ်မက်ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကို အောင်မြင်နိုင်ခြင်း မရှိသေးတာအတွက် တုန့်ပြန်မှု လုပ်ခဲ့ပါတယ်။

ဂွာဒီယိုလာကပဲ မန်စီးတီးက ချန်ပီယံလိဂ်ဖလား ယူပေးရမယ်ဆိုပြီး သူ့ကို နည်းပြအဖြစ် အလုပ်ခန့်ခဲ့တာ မဟုတ်ဘူးလို့ ပြောဆိုတယ်။ ဒီရာသီမှာ ဗိုလ်လုပွဲထိ ရောက်ဖို့ လက်တကမ်း အကွာထိ တက်နိုင်ခဲ့တဲ့ မန်စီးတီးဟာ ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတာဖြစ်တယ်။

မနှစ်တုန်းက ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့တဲ့ ဂွာဒီယိုလာက နယူးကာဆယ်ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ ဥရောပပြိုင်ပွဲကနေ ထွက်ခွာရခြင်းအတွက် အခုလို တုန့်ပြန်ခဲ့တယ်။

ဂွာဒီယိုလာက ” မနှစ်ကရာသီမှာ ကျနော်တို့ ချန်ပီယံလိဂ် ဖလားကို ဆုံးရှုံးခဲ့တယ်။ ကျနော်တို့ ၁၃ ပွဲ ကစားပြီး ၁၁ ပွဲ နိုင်တယ်၊ ၁ ပွဲ သရေကျတယ်၊ ၁ ပွဲ ရှုံးတယ်။ ချန်ပီယံလိဂ် ဖလားကို ဆုံးရှုံးလို့ဆိုပြီး ကျနော်တို့အတွက် ဆိုးရွားတဲ့ ချန်ပီယံလိဂ် ဘောလုံးရာသီ ဖြစ်ခဲ့လား? လုံးဝ မဟုတ်ပါဘူး။

ဒီရာသီမှာ ကျနော်တို့အသင်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို နောက်တစ်ကြိမ် တက်ရောက်နိုင်ခဲ့တယ်။ ကျနော်တို့ ချန်ပီယံလိဂ်ဖလား နိုင်ချင်တာပေါ့။ ဒါပေမယ့် မန်စီးတီးက ကျနော်ကို အလုပ်ခန့်တုန်းက ချန်ပီယံလိဂ် နိုင်ရမယ်ဆိုပြီး မပြောခဲ့ပါဘူး။ ပရီးမီးယားလိဂ်ဖလား အနိုင်ယူပေးရမယ်တောင် မပြောခဲ့ဘူး။

သူတို့က ပြိုင်ပွဲစုံမှာ အဆုံးထိ ပြိုင်ဆိုင်နိုင်သူ ဖြစ်ချင်တယ်လို့ပဲ ပြောခဲ့တယ်။ ပရိသတ်တွေအတွက် ကြည့်လို့ကောင်းမယ့်၊ ပြိုင်ပွဲတိုင်းမှာ ပွဲတွေကို အနိုင်ရနေမယ့် အသင်းကို မြင်ချင်တယ်လို့ပဲ ပြောခဲ့တယ်။ အဲ့အတွက်ပဲ သူတို့ ကျနော်ကို ခေါ်ယူဖို့ တံခါးလာခေါက်ခဲ့ပြီး အဲ့အတိုင်း ကျနော်တို့ လုပ်နိုင်ခဲ့တယ်။

ပြိုင်ပွဲတိုင်းမှာ ကျနော်တို့တွေ စိန်ခေါ်နိုင်တယ်ဆိုတာကို သံသယ မရှိပါနဲ့။ ကျနော်တို့ကို ရင်ဆိုင်ကစားတဲ့ အသင်းကောင်းတိုင်း ကျနော်တို့ ကောင်းတယ်ဆိုတာ သိပါတယ်။ သူတို့ ပြေးလွှားတယ်၊ တိုက်ခိုက်တယ်၊ ပြိုင်ဘက်ကို အကန့်အသတ်ဖြစ်စေတယ်။

ကျစ်လစ်တဲ့ အသင်းတစ်သင်းဖြစ်လာချိန်မှာ ဒါတွေကို လုပ်နိုင်ပါတယ်။ ကလပ်အပေါ်မှာ အားကိုးလို့ ရပါတယ်။ စပွန်ဆာတွေ၊ ပရိသတ်တွေ၊ လူတွေက တီဗီကို ဖွင့်လိုက်တိုင်းမှာ မန်စီးတီးပွဲကို ကြည့်ချင်ကြတယ်။ ဒီလူတွေရဲ့ ရိုးသားမှုနဲ့အတူ မန်စီးတီးက နှစ်တွေ အများကြီးမှာ မယုံနိုင်စရာတွေ ဖြစ်ထားခဲ့ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် ၄ ပွဲအဖြစ် နယူးကာဆယ်၊ ဝုဗ်၊ ဝက်ဟမ်း၊ အက်စတွန်ဗီလာတို့နဲ့ ယှဉ်ပြိုင်ကစားဖို့ ကျန်ရှိနေတာဖြစ်ပါတယ်။