လီဗာပူးကို ပေါ်တင်ဖြဲပြီး အင်္ဂလန်မှာ မန်စီးတီးပရိသတ်ထု ပိုများတယ်လို့ ဂွာဒီယိုလာ ထုတ်ကြွား
မန်ချက်စတာ စီးတီးအသင်း မန်နေဂျာ ပက် ဂွာဒီယိုလာကတော့ ပရီးမီးယားလိဂ် ဖလားကို အပြိုင် ကြိုးစားနေတဲ့ လီဗာပူးအသင်းအား ပေါ်တင်ကြီး ထိခိုက်ပြောဆိုမှုတွေ ပြုလုပ်လာပါတယ်။ မာဆေးဆိုဒ်သားတွေကို အားလုံးက မျက်နှာပေးနေတာလို့ ၎င်းက စွပ်စွဲခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို လီဗာပူး နှစ် ၃ဝ အတွင်း ၁ကြိမ်ပဲ ရတာ လို့ပါ ပြောဆိုလာခဲ့တာပါ။
လီဗာပူးအသင်းဟာ စနေနေ့ကပွဲမှာ စပါးကို သရေကျပြီး အမှတ်လျော့သွားချိန်မှာ မန်စီးတီးကတော့ တနင်္ဂနွေနေ့မှာ နယူးကာဆယ်ကို ၅-ဝ နဲ့ ဂိုးပြတ် အနိုင်ယူကာ အမှတ်ရော ဂိုးကွာခြားချက်မှာ ဖြတ်ချလိုက်ပြီဖြစ်ပါတယ်။
၃ ပွဲကျန်ချိန်မှာ မန်စီးတီးက ၃ မှတ်အသာနဲ့ ဇယားထိပ်မှာ ရှိကာ ဂိုးအရလည်း ၄ဂိုး အသာရထားပါတယ်။ အမှတ်ပေးဖလား ချန်ပီယံလမ်းကြောင်းကို မန်စီးတီး အသာရ ထိန်းချုပ်နိုင်ပြီလား အမေးကို ဂွာဒီယိုလာက လီဗာပူး အကြောင်းတွေ ထည့်သွင်း ပြောဆိုခဲ့တာပါ။
ဂွာဒီယိုလာက “ အင်္ဂလန်က လူတိုင်းက လီဗာပူးကိုပဲ ထောက်ခံနေကြတယ်။ မီဒီယာတွေကအစ အားလုံးပါပဲ။ ဘာလို့လဲဆိုတော့ လီဗာပူးက ဥရောပ ပြိုင်ပွဲတွေမှာ မယုံနိုင်လောက်တဲ့ သမိုင်းကြောင်း ရှိထားတာကြောင့်ပါ။
ပရီးမီးယားလိဂ်မှာတော့ လီဗာပူးက သမိုင်းကြောင်း မရှိပါဘူး။ ဘာလို့လဲဆိုရင် သူတို့က နှစ် ၃၀ မှ ၁ ကြိမ်ပဲ အနိုင်ရထားတာပါ။ အဲ့တာက ပြဿနာ မဟုတ်ပါဘူး။ ဒါက အခုဖြစ်နေတဲ့ အခြေအနေပါပဲ။
လီဗာပူးနဲ့ ယူနိုက်တက်တို့က သူတို့ရဲ့ သမိုင်းကြောင်းတွေ၊ ဆုဖလားတွေ၊ ဇာတ်လမ်းတွေအရ နှစ်များစွာတွေမှာ လုပ်နိုင်ခဲ့တာတွေကြောင့် အကောင်းဆုံးအသင်းတွေပါ။ ဒါပေမယ့် ကျနော်တို့ကတော့ ကုန်ခဲ့တဲ့ ၁၀၊ ၁၁၊ ၁၂ နှစ်တွေမှာ ဆုဖလားတွေ စယူလာခဲ့တယ်။ ရံဖန်ရ့ခါ ကျနော်တို့နဲ့ ပတ်သက်ပြီး သက်သောင့်သက်သာ မရှိကြဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ဂရုမစိုက်ပါဘူး။
လူတိုင်းက ကျနော်တို့ထက် လီဗာပူးကို နိုင်စေချင်တယ်။ ဒါက ပြဿနာ မဟုတ်ပါဘူး။ ပုံမှန်ပါပဲ။ လီဗာပူးက ကမ္ဘာတစ်လွှားမှာ ပရိသတ်တွေ များရင်များမယ် အင်္ဂလန်မှာတော့ ကျနော်တို့က လီဗာပူးထက် ပိုပြီး ထောက်ခံမှုတွေ ရထားပါတယ်။
ဒီနေ့မှာဆိုရင် လူတွေက ကျနော်တို့ကို အားပေးကြတယ်၊ ထောက်ခံကြတယ်။ ချန်ပီယံလိဂ်ကနေ ထွက်ရတယ်ဆိုပေမယ့် ဒီကစားသမားတွေအပေါ် ကျနော်တို့ မှီခိုနိုင်ပါတယ်။ အခုဆိုရင် ၉ မှတ်လိုတာဖြစ်ရင်ဖြစ်မယ်၊ ၆ မှတ်ပဲ လိုတေ့ာတာ ဖြစ်ရင်ဖြစ်မယ်။ အဲ့တာက နောက် ၂ ပွဲ ဂိုးကွာခြားချက် ဘယ်လိုဖြစ်မလဲအပေါ် မူတည်ပါတယ်။
ဒါပေမယ့် အခုကစပြီး ကြားရက် ဝုဗ်နဲ့ပွဲက ကျနော်တို့အတွက် တကယ်ကို ဗိုလ်လုပွဲပါပဲ။ အဲ့ပွဲကို အနိုင်ရအောင် ကြိုးစားမှာပါ။ ကျနော်တို့ရဲ့ ကံကြမ္မာက ကျနော်တို့လက်ထဲမှာ ရှိနေပါပြီ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။