BREAKING: ဒီအပတ်မှာပဲ ဟာလန်းကို ကစားသမားသစ်အဖြစ် တရားဝင် ကြေညာမယ့် မန်စီးတီး

တိုက်စစ်သမား ဟာလန်းဟာ ဒီနွေမှာ ဒေါ့မွန်ကနေ ထွက်ခွာမှာဖြစ်ကြောင်း ဂျာမာန်ကလပ်ကို အသိပေးခဲ့တဲ့နောက် အပြောင်းအရွှေ့ ကိစ္စက အပြီးသတ်ခဲ့ပြီဖြစ်ကာ မန်စီးတီးဘက်က တိုက်စစ်သမားကို ယူရို ၇၅ သန်းဖြင့် ခေါ်ယူနိုင်မှာဖြစ်ကြောင်း The Athletic မှာ ဖော်ပြသွားပါတယ်။

ဒေါ့မွန်အတွက် ပေးရမယ့် စာချုပ်ပါကြေးကို ပေးဖို့ အဆင်သင့်ပဲလို့ ပြီးခဲ့တဲ့ အပတ်ကပဲ မန်စီးတီး စီးအီးကို Ferran Soriano က ဒေါ့မွန် အကြီးအကဲ Watzke ကို အသိပေးလိုက်တာပါ။ မန်ချက်စတာကလပ်ဟာ ဒေါ့မွန်အတွက် ပြောင်းရွှေ့ကြေးကို အရစ်ကျတွေ ခွဲပေးမှာ မဟုတ်ဘဲ တစ်ကြိမ်တည်း အပြတ်ချေမယ်လို့ သိရတာဖြစ်တယ်။

မူလကတည်းက ကစားသမားနဲ့ သဘောတူညီမှု ယူထားခဲ့ပြီဖြစ်လို့ အချို့သော အသေးစိတ်ကျတဲ့ အချက်အလက်တွေကို ညိနှိုင်းပြီးရင်တော့ ဒီအပတ်မှာပဲ ဟာလန်းကို ခေါ်ယူနိုင်ကြောင်း မန်စီးတီးက တရားဝင် ကြေညာဖို့ မျှော်လင့်နိုင်ပြီဖြစ်ပါတယ်။

မန်စီးတီးဟာ ဒေါ့မွန်တိုက်စစ်သမား ဟာလန်းကို ခေါ်ယူပြီးခဲ့ရင် ပရီးမီးယားလိဂ်မှာ အမြင့်ဆုံး လုပ်ခရှင် ဖြစ်လာမယ့် ပမာဏထိ ပေးသွားဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ ဒါပေမယ့်လို့ သတင်းတွေ ထွက်ထားသလို တစ်ပတ်လုပ်ခ ပေါင် ၅ သိန်းတော့ မဟုတ်ဘဲ ဒီဘရိုင်းနဲ့ တူညီတဲ့ လုပ်ခဖြစ်တဲ့ တစ်ပတ်ကို ပေါင် ၃၈၅၀၀၀ ဝန်းကျင် ဖြစ်လာဖို့ ရှိပါတယ်။

မန်စီးတီးဟာ တိုက်စစ်သမားကို ခေါ်ယူနိုင်ဖို့ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့ကို ကျော်ဖြတ်ခဲ့ရတာဖြစ်တယ်။ သူ့ကို အင်္ဂလန်လိဂ်ရဲ့ အမြင့်ဆုံး လုပ်ခ ခံစားခွင့်ပေးမှာ ဖြစ်သလို မန်စီးတီးက ကစားသမားအတွက် လက်မှတ်ထိုးကြေးနဲ့ အေးဂျင့်ကြေးတွေအပါ နောက်ထပ် ပေါင် သန်း ၁၀၀ သုံးဖို့ကို အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ပါတယ်။

၂၀၂၀ ဇန်နဝါရီမှာ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဟာလန်းဟာ ပွဲပေါင်း ၈၈ ပွဲမှာ သွင်းဂိုး ၈၅ ဂိုး သွင်းယူထားတာဖြစ်ပြီး သူဟာ ကစားသမားဘဝ ဆုဖလား အောင်မြင်မှုတွေအတွက်ကော၊ စိန်ခေါ်မှုသစ်တွေအတွက်ပါ အင်္ဂလန်လိဂ်ကို ရောက်လာတော့မှာပဲ ဖြစ်ပါတယ်။