မန်စီးတီး ကစားသမားတွေကိုချည်း မျက်စိကျလာတဲ့ အာဆင်နယ် နည်းပြ အာတီတာရဲ့ နောက်ထပ် ပစ်မှတ်

အာဆင်နယ် ဟာ မန်စီးတီး တိုက်စစ် ကစားသမား စတာလင်ကို ခေါ်ယူဖို့ အတွက် ဖြစ်နိုင်ချေ ရှိတဲ့ နည်းလမ်းတွေ ကို ရှာဖွေဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်ပေါ် လာပါတယ်။

စတာလင် နဲ့ မန်စီးတီး တို့ အကြား ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီ ကုန်တာနဲ့ နောက်ဆုံးနှစ် သက်တမ်း အတွင်း ရောက်ရှိသွားမှာ ဖြစ်လို့ အပြောင်းအရွှေ့ လုပ်မယ် ဆိုရင် လုပ်နိုင်မယ့် ကာလဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကမှ အာဆင်နယ် နဲ့ စာချုပ် သက်တမ်း တိုးထားခဲ့တဲ့ မီခေးလ် အာတီတာ ဟာ သူ့ရဲ့ တိုက်စစ်ပိုင်း ကို အားဖြည့်နိုင်ဖို့ အတွက် ဖြစ်နိုင်ချေ ရှိတဲ့ ပစ်မှတ်တွေကို အဓိကထား ရှာဖွေနေပါတယ်။ အာဆင်နယ်ဟာ မန်စီးတီးရဲ့ အခြား တိုက်စစ်သမား ဖြစ်တဲ့ ဂျေဆုကိုလည်း ချဥ်းကပ် ချိတ်ဆက်တဲ့ သတင်း ထွက်နေပါတယ်။

ဒါပေမယ့် အာတီတာ နဲ့ စတာလင် တို့ဟာ မန်စီးတီး မှာ တုန်းက အတူတူ လက်တွဲ ထားဖူးကာ တစ်ယောက် အကြောင်း တစ်ယောက် သိပြီးသား ဖြစ်လို့ ဒီအပြောင်း အရွှေ့ ဖြစ်လာနိုင်တဲ့ အလားအလာ က စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

အသက် ၂၇ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ မှာ ကတည်းက အသင်းပြောင်းဖို့ သတင်းကြီးခဲ့သူ ဖြစ်ပြီး ဒီကြားထဲမှာ စာချုပ်သစ် ကိစ္စဆွေးနွေး ပြောဆိုမယ့် သတင်းတွေ ပေါ်ထွက်ခဲ့ဖူးသည့်တိုင်အောင် လက်ရှိ အချိန်ထိတော့ ရေရာမှု မရှိသေးပါဘူး။

တစ်ချိန်တည်းမှာ မန်စီးတီး က ပရီးမီးယားလိဂ် ကို အာရုံစိုက်နေရတဲ့ အတွက် သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ရာသီ အကုန်ရောက်မှ အလေးနက်ထား ပြန်စဉ်းစားဖို့က ရာခိုင်နှုန်း များနေပါတယ်။

အာဆင်နယ်နဲ့ စာချုပ်သစ် ချုပ်ဆိုထားတဲ့ နည်းပြ အာတီတာ ဟာ အပြောင်းအရွှေ့ အသုံးစာရိတ် သုံးစွဲခွင့် သေချာပေါက် အာမခံချက် ရရှိထားနိုင်ပြီး ဇန်နဝါရီ က ပြောင်းရွှေ့ သွားခဲ့တဲ့ အူဘာမီးယန်း စာချုပ် သက်တမ်း ကုန်ဆုံးခါနီးနေတဲ့ လာကာဇက် တို့ရဲ့ နေရာကို အဓိက အစားထိုးသွားဖွယ် ရှိနေပါတယ်။

တကယ်လို့ စတာလင် ကိုသာ အရခေါ်ယူလိုတယ်ဆိုရင် အင်္ဂလန် တိုက်စစ် ကစားသမားဟာ အာတီတာ ရဲ့ ကစားကွက်မှာ အရေးပါတဲ့ ကဏ္ဍတစ်ခုမှာ ရှဖို့ အာမခံ ချက်ပေးခံရဖွယ် ရှိနေပါတယ်။