ဂွာဒီယိုလာ လက်အောက် ကစားခွင့်ကို ငြင်းဆန်သွားတဲ့ မန်ယူ ကွင်းလယ်လူ ပေါ့ဘာ
ပြီးခဲ့တဲ့ အပတ်ကပဲ မန်စီးတီးဟာ ဒီနွေမှာ အလွတ်ဖြင့် ခေါ်ယူနိုင်မယ့် ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာကို ချိတ်ဆက်နေကြောင်း သတင်းထွက်မှုနဲ့အတူ မန်ချက်စတာ မြို့ခံနှစ်သင်းကြား ပြောစမှတ်ဖြစ်စရာ အပြောင်းအရွှေ့ ပေါ်ပေါက်လာမလား မေးခွန်းထုတ်ခံထားရတယ်။
၂၀၀၉ တုန်းက ကာလိုစ့် တီဗက်စ်ရဲ့ အိုးထရတ်ဖိုဒ့်ကနေ အီသီဟက်ကို ပြောင်းရွှေ့မှုဟာ နာမည်ကျော်ခဲ့သလို တီဗက်စ်ကို ခေါ်ယူနိုင်ကြောင်း ကြေညာစဉ် မန်စီးတီးဘက်က “Welcome To Manchester” ဆိုပြီး ဒါဘီပြိုင်ဘက်ကို ရန်စခဲ့ဖူးတာဖြစ်ပါတယ်။
မန်စီးတီးကွင်းလယ်လူ ဖာနန်ဒင်ဟိုက ဒီနွေမှာ ထွက်ခွာတော့မှာဖြစ်လို့ ဂွာဒီယိုလာဟာ နံပါတ် ၆ နဲ့ နံပါတ် ၈ နေရာတွေမှာ ကစားနိုင်တဲ့ ပေါ့ဘာကို သဘောကျမှုရှိနေခဲ့တာပါ။ စပိန်လက်ရွေးစင် ရိုဒရီက အတွင်းလူနေရာကနေ အထင်ကြီးဖွယ် စွမ်းဆောင်ပြနေပြီး သူ့ကို ပေါ့ဘာနဲ့ တွဲဘက်ပေးဖို့မျိုး မန်စီးတီးဘက်က စဉ်းစားလာတာလို့ သိခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လို့ ဒီကနေ့မှာပဲ မန်စီးတီးနဲ့ ဟာလန်းကြား အပြောင်းအရွှေ့ကိစ္စ ပြီးမြောက်တော့မယ့် သတင်းနဲ့အတူ နောက်ထပ် သတင်းအဖြစ် အသက် ၂၉ နှစ်အရွယ် ပေါ့ဘာက မန်စီးတီးထံ ပြောင်းရွှေ့ဖို့ကို ငြင်းဆန်ပြီး အခြားသော ကလပ်ထံ ပြောင်းဖို့ကိုပဲ ပိုစိတ်ဝင်စားနေတယ်လို့ The Athletic သတင်းထောက် David Ornstein က ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်မှာ ၆ နှစ်ကြာ ကစားပြီးနောက် ဒီနွေမှာ မန်ချက်စတာကနေ ထွက်ခွာတော့မယ့် ပေါ့ဘာကို စီးတီး အပါအဝင် ထိပ်တန်း ကလပ်တွေက ချိတ်ဆက်ခဲ့တာဖြစ်တယ်။ ပေါ့ဘာရဲ့ တာဝန်ရှိသူတွေက ပြင်သစ် လက်ရွေးစင်ဟာ အခြားသော အသင်းနဲ့ပဲ သူ့ရဲ့ အနာဂတ်ကို ရှေ့ဆက်လိုတယ်လို့ မန်စီးတီး တာဝန်ရှိသူတွေကို အကြောင်းပြန်ခဲ့တယ်လို့ သိရတယ်။
၂၀၁၂ တုန်းက အသက် ၁၉ နှစ်အရွယ်မှာ ယူနိုက်တက်ကို ပထမအကြိမ် စွန့်ခွာခဲ့တဲ့ ပေါ့ဘာဟာ ၂၀၁၆ ခုနှစ် နွေအပြောင်းအရွှေ့မှာ ဂျူဗင်တပ်ကနေ ယူနိုက်တက်ထံကို ကမ္ဘာစံချိန်တင်ကြေး ယူရို သန်း ၁၀၀ နဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။
ဒီနွေမှာ အလွတ်နဲ့ ခေါ်ယူနိုင်မယ့် ပေါ့ဘာကို ဂျူဗင်တပ်၊ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့က ချိတ်ဆက်နေကြပေမယ့် ကွင်းလယ်လူကတော့ သူ့ အနာဂတ်အတွက် ဆုံးဖြတ်မှု မလုပ်ရသေးဘူးလို့ သိရပါတယ်။