ဒီည ကစားမယ့် ဝုဗ်နဲ့ မန်စီးတီးတို့ ပွဲစဉ် အတွက် ဘီဘီစီမှ လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

မန်ချက်စတာ စီးတီးဟာ ဒီကြားရက်မှာ ပရီးမီးယားလိဂ် ပွဲကျန် အဖြစ် ဝုဗ်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

မနေ့ညက ပွဲမှာ လီဗာပူးက အက်စတွန်ဗီလာကို အနိုင်ယူကစားခဲ့တာကြောင့် မန်စီးတီးကို ဆက်လက် လိုက်လံ ဖိအားပေးနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် စီးတီး အနေနဲ့ ဒီပွဲကိုလည်း အမှားမခံဘဲ ၃မှတ်ပြည့် ယူဖို့ လိုအပ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး လော်ရိုးက ဝုဗ်နဲ့ မန်စီးတီးတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

လော်ရိုးက ” မန်ချက်စတာ စီးတီးဟာ ဒဏ်ရာတွေကြောင့် ခံစစ်ကစားသမား တချိုု့ကို လက်လွှတ်ထားရမှာပါ။ ဒါပေမယ့် ဖာနန်ဒင်ဟို က ခံစစ်မှာ ဝင်ဖြည့် ကစားနိုင်ပြီး ဝုဗ်ကွင်းမှာ သူတို့ အိုကေမယ်လို့ ကျနော် ထင်တယ်။

ဝုဗ်က ဘယ်လိုတွေ ဖြစ်သွားလဲ မသိပေမယ့် အရင်ကလို ရင်ဆိုင်ရ ခက်ခဲတဲ့ အသင်းတစ်သင်းလို့ ခုနေမှာ ကျနော် မညွှန်းချင်ပါဘူး။ စနေနေ့က သူတို့ ချယ်ဆီးနဲ့ သရေကျခဲ့တယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် အဲဒီရလဒ်က ချယ်ဆီးတို့ ညံ့ဖျင်းခဲ့လို့ ပိုများပါတယ်။

မန်စီးတီး ဟာ တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းကို အဝေးကွင်း သွား ရင်ဆိုင်ရဖို့ ရှိနေတော့ လီဗာပူးထက်စာရင် နည်းနည်း ပိုခက်တဲ့ ပွဲတွေ ရှိနေတယ်လို့ ဆိုကောင်း ဆိုနိုင်ပါတယ်။ ဒါပေမယ့် လီဗာပူးကလည်း စနေနေ့မှာ အက်ဖ်အေ ဖလား ဗိုလ်လုပွဲ ရှိလို့ ပွဲပို တစ်ပွဲ ကစားရပါမယ်။ ဒီတော့ ပြန် ဘက်ညီသွားတယ်လို့ ဆိုရမယ်။ ” လို့ သုံးသပ်ထားပါတယ်။

လော်ရိုးရဲ့ ခန့်မှန်းထားတဲ့ ပွဲရလဒ် ကတော့ ဝုဗ် ဝ-၂ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ဒီည/ ကြာသပတေးနေ့ နံနက် ၁း၁၅ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။