ဟာလန်း ရောက်လာမယ့် မန်စီးတီးအသင်းက ဘယ်လိုဖြစ်လာမလဲ ကလော့ပ် မှတ်ချက်ပေး

မန်စီးတီးကို ဟာလန်း ပြောင်းရွှေ့လာတော့မှာက ဂွာဒီယိုလာရဲ့ အသင်းကို ပိုမြင့်မားတဲ့ အဆင့်အတန်း တစ်ခုထံ ရောက်ရှိစေလိမ့်မယ်လို့ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က မှတ်ချက်ပေးခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ စုစုပေါင်း ပေါင်သန်း ၂၀၀ ကျော် တန်ကြေးရှိတဲ့ စာချုပ်နဲ့ ဒေါ့မွန်ကနေ စွန့်ခွာတော့မှာဖြစ်တယ်။ မနေ့ညကပဲ ဘယ်လ်ဂျီယမ်မှာ ဆေးစစ်မှု ပြီးမြောက်ခဲ့တာကြောင့် ဒီအပတ်မှာပဲ နာမည်ကြီး အပြောင်းအရွှေ့က ဖြစ်မြောက်ခဲ့ပြီလို့ ယူဆရပြီး ဒီအပေါ်မှာ ကလော့ပ်က အခုလို ပြောဆိုခဲ့ပါတယ်။

“ ဟာလန်းက မန်စီးတီးကို ရောက်သွားရင် သူတို့ကို အားနည်းစေမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ ပိုက်ဆံကိစ္စနဲ့ ပတ်သက်ပြီး အများကြီး ပြောစရာရှိပေမယ့် ဒီအပြောင်းအရွှေ့က အဆင့်အတန်း အသစ်တစ်ခုဆီ မြှင့်တင်ပေးပါလိမ့်မယ်။

ကျွန်တော် လီဗာပူးနဲ့ စာချုပ်သစ် ချုပ်ခဲ့တုန်းက စီးတီးဟာ တိုးတက်မှုတွေအတွက် အားထုတ်မှုတွေကို ရပ်တန့်မှာ မဟုတ်ဘူးဆိုတာ သိပြီးသားပါ။ ဒါကြောင့် စီးတီးတို့ ဆက်ပြီး အမြင့်ပျံသန်းနေတာဟာ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်အပေါ် သက်ရောက်မှု မရှိပါဘူး။ ကိုယ်လုပ်စရာရှိတာပဲ လုပ်ဖို့လိုပါတယ်။

ကျွန်တော်တို့မှာ ပွဲတစ်ပွဲကို အနိုင်ရဖို့ မတူညီတဲ့ နည်းလမ်းတွေ၊ အခွင့်အရေးတွေ များစွာရှိတယ်။ တစ်ခုကိုပဲ ရှာဖွေဖို့ လိုပါတယ်။ ဒါကို ကျွန်တော်တို့ လုပ်နိုင်ပါတယ် ” လို့ ကလော့ပ်က ဆိုပါတယ်။

လီဗာပူးဟာ ဒေါ့မွန်မှာ ၈၉ ပွဲကစား၊ ၈၅ ဂိုး သွင်းယူခဲ့တဲ့ ဟာလန်းကို ကိုင်တွယ်ဖို့ စတင် စဉ်းစားနေမှာဖြစ်ပြီး ပက်ဂွာဒီယိုလာကတော့ သူ့ရဲ့ တိုက်စစ်ကို ဥရောပရဲ့ အကောင်းဆုံး လူငယ်တိုက်စစ်မှူးနဲ့ ဖြည့်ဆည်းမှုနဲ့အတူ ဆတိုး ပြင်းထန်လာဖို့ မျှော်လင့်နေနိုင်ပါတယ်။

ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို စိန်ခေါ်ဖို့အတွက် ဒီနွေမှာ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ဦးမှာ ဖြစ်ပါတယ်။ လီဗာပူးအသင်းက ကွင်းလယ်နေရာအတွက် ချူအာမီနီကို ခေါ်ယူလိုနေသလို ဖူလ်ဟမ်အသင်းမှ ကွင်းလယ်ကြယ်ပွင့် ကာဗယ်ရိုကို အကြိုသဘောတူညီမှုနဲ့ ချိတ်ဆက်ထားခဲ့ပြီးလို့ သိရတာဖြစ်ပါတယ်။