မန်စီးတီး ဟာလန်း ကို ခေါ်ယူနိုင်လိုက်တာနဲ့ ပတ်သတ်လို့ ပထမဆုံးအကြိမ် မှတ်ချက်ပြုလာတဲ့ ဂွာဒီယိုလာ

မန်ချက်စတာ စီးတီးအသင်းဟာ တိုက်စစ်ကြယ်ပွင့် အာလင်း ဟာလန်းကို ဒေါ့မွန်ထံကနေ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း မနေ့က တရားဝင် ထုတ်ဖော် ကြေငြာလိုက်ပါတယ်။

မနေ့ညက ပွဲကြို ရှင်းလင်းပွဲမှာ ပက် ဂွာဒီယိုလာကတော့ ဟာလန်း ခေါ်ယူမှုနဲ့ ပတ်သတ်ပြီး မှတ်ချက်ပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

လိုအပ်နေတဲ့ သွင်းဂိုးတွေ အတွက် ထိပ်တန်း တိုက်စစ်မှုး တစ်ဦး ရလိုက်တာကြောင့် ဂွာဒီယိုလာက ပျော်ရွှင်ပုံ ရပေမယ့် ကစားသမားသစ် တစ်ယောက် ခေါ်လိုက်တာနဲ့ အားလုံး အဆင် မပြေသွားနိုင်ကြောင်းလည်း ဆိုခဲ့ပါတယ်။

” ဟာလန်း ကိစ္စက အားလုံးလည်း သိနေကြပါပြီ။ ကျနေ်ာ အနာဂတ် ကိစ္စ အများကြီး မပြောလိုပါဘူး။ ကစားသမား သစ်တွေက အသင်းကို တောင့်တင်းလာအောင် အမြဲ အကူအညီ ဖြစ်ပါတယ်။

ဒါပေမယ့် ခံစစ်မှုး တစ်ယောက် ဒါမှမဟုတ် တိုက်စစ်မှုး တစ်ယောက် ခေါ်လိုက်တာနဲ့ အသင်းရဲ့ ခံစစ် ကိစ္စတွေ၊ သွင်းဂိုး ပြဿနာတွေက ပြေလည်သွားနိုင်တာ မဟုတ်ဘူး။

ကလပ်က အနာဂတ် အတွက် သေချာ ပြင်ဆင်သလို အမြင်တွေလည်း ရှိတယ်။ ဒါကြောင့် ကလပ်အသင်း လုပ်ဆောင်မှုတွေကို ကျနော် သေချာလည်း သိသလို ရာနှုန်းပြည့်လည်း ထောက်ခံတယ်။” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဟာလန်း ရောက်ရှိလာတာကြောင့် မန်စီးတီးဟာ နောက်ဆုံးမှာ တိုက်စစ်မှုး ဆာဂျီယို အဂူရို ထွက်ခွာပြီးနောက် အစားထိုး တိုက်စစ်မှုးသစ် ရရှိလာခဲ့တာလည်း ဖြစ်ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့နွေက တော့တင်ဟမ် စပါး တိုက်စစ်မှုး ဟယ်ရီ ကိန်းကို ခေါ်ဖို့ ကြိုးစားခဲ့သေးပြီး မအောင်မြင်ခဲ့ပါဘူး။

အခု ခေါ်ယူလိုက်တဲ့ နော်ဝေသား တိုက်စစ်မှုး ဟာလန်းက ၂၀၂၀ မှာ မန်ချက်စတာ ယူနိုက်တက်ထံ ရောက်ဖို့ နီးစပ်ခဲ့သေးပြီး ယူနိုက်တက်က သဘောတူစာချုပ်မှာ စာချုပ်ဖျက်သိမ်းကြေး မထည့်ချင်တာကြောင့် ညှိနှိုင်းမရဘဲ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပါတယ်။