ဟာလန်းနဲ့ ပတ်သက်ပြီး လီဗာပူးနဲ့ ယူနိုက်တက် ကစားသမားဟောင်းတွေရဲ့ မှတ်ချက်

စကိုင်းစပေါ့ သုံးသပ်သူ ဂျေမီရက်နပ်က မန်စီးတီးနဲ့ ဟာလန်းရဲ့ အပြောင်းအရွှေ့ကို ပရီးမီးယားလိဂ်အတွက် ပြောင်းလဲစေမယ့် အရာတစ်ခုအဖြစ် ဖော်ညွှန်းခဲ့ပြီး နောက်ရာသီမှာ ၎င်းကစားမှာကို မြင်တွေ့ရဖို့ မစောင့်နိုင်အောင် ဖြစ်နေသလို နော်ဝေသားအနေနဲ့ ပက်ဂွာဒီယိုလာနဲ့ တွဲလုပ်ရတာ ကံကောင်းတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒေါ့မွန်ကနေ ပေါင် ၅၁ သန်းနဲ့ အပြောင်းအရွှေ့ ပြီးမြောက်ခဲ့တဲ့နောက် ဟာလန်းဟာ နောက်ရာသီမှာ ဂွာဒီယိုလာအသင်းကို ရောက်ရှိလာတော့မှာဖြစ်ကြောင်း မန်ချက်စတာကလပ်က အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဟာ နောက်ဆုံးမှာတော့ လူတိုင်း လိုချင်နေကြတဲ့ ကမ္ဘာ့ကြယ်ပွင့် တစ်ဦးကို ထပ်မံမြင်တွေ့ရတော့မှာဖြစ်လို့ လီဗာပူးကစားသမားဟောင်း ရက်နပ်က ပျော်ရွှင် စိတ်လှုပ်ရှားနေခဲ့ပါတယ်။

“ ဒါက မန်စီးတီးအတွက်သာမက ပရီးမီးယားလိဂ်လိဂ်အတွက်ပါ အပြောင်းအလဲ ဖြစ်စေမှာပါ။ အကြာကြီးနေပြီးမှ လူတိုင်းက လိုချင်နေကြတဲ့ ကမ္ဘာ့စူပါစတားတစ်ယောက်ကို ကျွန်တော်တို့ ရခဲ့တဲ့ ပထမဆုံးအကြိမ်ပဲ။ လူတိုင်းအတွက် အရမ်းစိတ်လှုပ်ရှားစရာ အချိန်ပဲဖြစ်ပါတယ်။

ကျွန်တော်တို့လိဂ်ကို သူရောက်လာတာ သိပ်ကောင်းတာပဲ။ သူ့ကို မြင်တွေ့ရဖို့ မစောင့်နိုင်တော့ဘူး။ သူက ကမ္ဘာ့စူပါစတား တစ်ယောက်ပါ။ လူငယ်တစ်ယောက်ဖြစ်ပြီး သိပ်ကောင်းတဲ့ အနာဂတ်လည်း ရှိနေတယ်။ စိတ်ဓာတ်သိပ်ကောင်းတဲ့ ကစားသမားတွေနဲ့၊ ပက်လို နည်းပြကောင်းတစ်ယောက်နဲ့ တွဲလုပ်ရတာက သူ ကံကောင်းပါတယ်”လို့ ရက်နပ်က ဆိုပါတယ်။

ဟာလန်းဟာ ၂ နှစ်ခွဲအတွင်း ဒေါ့မွန်အတွက် ၈၈ ပွဲမှာ ၈၅ ဂိုး သွင်းယူခဲ့ပြီးနောက် ဥရောပတခွင်က စိတ်ဝင်စားမှုတွေကို ရရှိခဲ့တာပါ။ ဒါပေမယ့် ဘွန်ဒက်စ်လီဂါမှာလိုမျိုး ပရီးမီးယားလိဂ်မှာတော့ လွယ်လွယ်နဲ့ ဂိုးရမှာ မဟုတ်ဘူးလို့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဒီယွန် ဒဗ်ဘလင်က မှတ်ချက်ပေးခဲ့ပါတယ်။

“ အဲ့ဒါက လူတွေထင်နေသလိုမျိုး အရမ်းလွယ်နေမှာ မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းရတာ အရမ်းခက်ခဲပါတယ်။ သူက ကောင်းကောင်းလုပ်နိုင်မှာ သေချာပေမယ့် ခက်တော့ခက်မှာပါ ” လို့ သုံးသပ်ခဲ့ပါတယ်။

ဟာလန်းဟာ စနေနေ့မှာ ဟာသာဘာလင်နဲ့ ဘွန်ဒက်စ်လီဂါ နောက်ဆုံးပွဲကို ကစားပြီးရင် ဒေါ့မွန်ပရိသတ်တွေကို ခွဲခွာနှုတ်ဆက်တော့မှာ ဖြစ်ပါတယ်။