အာဆင်နယ်နဲ့ အပြောင်းအရွှေ့ ကိစ္စ ဆွေးနွေးခဲ့တာကို ဖော်ထုတ်လာတဲ့ ဂျေးဆု အေးဂျင့်
မန်စီးတီး တိုက်စစ်မှူး ဂျေးဆု ရဲ့အေးဂျင့် ပက်တင်နာတီက ကစားသမားရော သူကပါ အာဆင်နယ်အသင်းရဲ့ ပရောဂျက်ကို ကြိုက် နှစ်သက်ကြောင်း အတည်ပြုခဲ့ပေမယ့် အာဆင်နယ်အနေနဲ့ စီးတီးစတားကို အခြား ၆ သင်းနဲ့ အပြိုင် ရဖွယ်ရှိနေပါတယ်။
တိုက်စစ်မှုး ဂျေးဆု ဟာ ၂၀၁၇ တုန်းက ပါးမားရက်စ် အသင်းထံကနေ ပေါင် ၂၇ သန်းနဲ့ စီးတီးကို ရောက်လာခဲ့တာဖြစ်ပြီး နောက် ပရီးမီးယားလိဂ် ၃ လုံးအပါအဝင် ဆုဖလား ၉ လုံးအထိ ရယူထားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဘရာဇီးသားဟာ ဂွါဒီယိုလာလက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာဖြစ်ပြီး နွေရာသီမှာ အသင်းပြောင်းဖို့ များနေတယ်လို့ GOAL သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဂျေးဆု ရဲ့ကိုယ်စားလှယ်တွေဟာာ ပြီးခဲ့တဲ့လတုန်းက အာဆင်နယ်နဲ့ စကားပြောဖြစ်ခဲ့ကြပြီး အာတီတာကလည်း လာမယ့်နှစ်မှာ အသင်းရဲ့တိုက်စစ်ကို အားဖြည့်လိုနေတာဖြစ်ပါတယ်။
ပက်တင်နာတီက ဂျေးဆု အတွက် အာဆင်နယ်အသင်းရဲ့ပရောဂျက်က စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ပြောကြားခဲ့ပေမယ့် အခြားအသင်းတွေကလည်း မိမိကစားသမားကို စိတ်ဝင်စားနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ကျွန်တော် အာဆင်နယ်နဲ့ ဂျေးဆု အကြောင်း စကားပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အာဆင်နယ် ပရောဂျက်ကို သဘောကျပါတယ်။ ကျွန်တော်တို့ ဖြစ်နိုင်ချေတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ဂျေးဆု ကို အခြားအသင်း ၆ သင်းလောက်ကလည်း စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် သူက မန်စီးတီးနဲ့ နောက်ဆုံး ဖိုင်နယ်ပွဲတွေကို အာရုံစိုက်ထားပါတယ်”လို့ အေးဂျင့်က ပြောကြားခဲ့ပါတယ်။
ဂျေးဆု ဟာ စီးတီးအတွက် အခုနောက်ပိုင်းမှာ ဂိုးတွေဆက်တိုက် သွင်းယူနေပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၂၃၄ ပွဲမှာ ၉၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ သူနဲ့ စီးတီးတို့ကြား စာချုပ်သက်တမ်းက ၁ နှစ်သာ ကျန်တော့တာဖြစ်ပြီး ဟာလန်းလည်းရောက်လာတာကြောင့်အ အသင်းပြောင်းဖို့ များနေပါတယ်။