ဂွာဒီယိုလာရဲ့ တစ်ဦးတည်း ဗိုလ်လုပ်ချင်မှုကြောင့် မန်စီးတီး ချန်ပီယံလိဂ်မှာ မအောင်မြင်တာလို့ မန်ယူကစားသမားဟောင်း အီဗရာ ဝေဖန်
၂၀၁၆ မှာ မန်စီးတီးအသင်းထံ ရောက်ခဲ့ပြီး အသုံးစရိတ် ပေါင် ၁ ဘီလျံကြော် ထုတ်သုံးထားတဲ့ ဂွာဒီယိုလာဟာ သူကလွဲရင် ကလပ်မှာ ဦးဆောင်သူ မထားတဲ့သူလို့ သရဲနီဟောင်း အီဗရာက ဝေဖန်ပါတယ်။
မန်စီးတီးဟာ ဥရောပရဲ့ ထိပ်တန်းအဆင့်ကို တက်ရောက်လာခဲ့ပေမယ့် ပြည်တွင်းမှာပဲ အောင်မြင်ပြီး ချန်ပီယံလိဂ်လို ဥရောပအဆင့် ပြိင်ပွဲမှာတော့ အခုချိန်ထိ ဘာအောင်မြင်မှုမှ မရှိထားပါဘူး။ ဒါဟာ သမိုင်းမရှိဘဲ ငွေကြေးပဲရှိတဲ့ ကလပ်တွေရဲ့ အခြေအနေပဲဖြစ်ကြောင်း အီဗရာက သုံးသပ်ခဲ့တယ်။
မန်စီးတီးအသင်းမှာတော့ သမိုင်းကြောင်းကောင်းတွေအတွက် အထင်ကြီး အားကျလို့ လာကစားခြင်းထက် ငွေကြေးကြောင့် လာကစားသူတွေပဲရှိသလို နည်းပြကလည်း သူကလွဲရင် ခေါင်းဆောင် မရှိစေရဆိုတဲ့ တည်ဆောက်မှုကြောင့် ချန်ပီယံလိဂ်မှာ မန်စီးတီးတို့ ရုန်းကန်နေရတာလို့ သရဲနီဟောင်းက မြင်ပါတယ်။
Amazon Prime အတွက် စကားပြောပေးရစဉ်မှာ အီဗရာက ” မန်စီးတီးက ခေါင်းဆောင်တွေ လိုပါတယ်။ ဒါပေမယ့် ပက်ဂွာဒီယိုလာက ခေါင်းဆောင်တွေကို မလိုချင်ပါဘူး။ သူက ကိုယ်ရည်ကိုယ်သွေးကောင်းတွေကို မလိုချင်ပါဘူး။ အဲ့တာကြောင့် သူတို့က ဒုက္ခ မရောက်သင့်တဲ့ အချိန်တွေဆိုရင် ဒုက္ခရောက်ရတာဖြစ်ပါတယ်။
ကွင်းထဲမှာ သူတို့ကို ကူညီဖို့ ကစားသမား တစ်ဦးမှ မရှိပါဘူး။ ဂွာဒီယိုလာက သူ့အသင်းကို အဲ့လို ရွေးချယ်ထားတာပါ။ သူက ကစားသမားတွေကို ကိုယ်ရည်ကိုယ်သွေးတွေနဲ့ လေ့ကျင့်တာတွေ မလုပ်ပေးနိုင်ပါဘူး။ ဘာစီလိုနာမှာလည်း သူဒီလို လုပ်ခဲ့တာပဲ။ ဒါပေမယ့် အဲ့အစား သူက အသင်းက လူအားလုံးကို ထိန်းချုပ်ပြီး အသင်းကို တည်ဆောက်ပါတယ်။
ကိစ္စတွေ မှားယွင်းလာတဲ့အခါမှာ အားလုံးကို သူပဲ ဆုံးဖြတ်တယ်။ မန်စီးတီးက ကျနော်အတွက် ပီအက်စ်ဂျီအသင်းလိုပါပဲ။ သူတို့ ကလပ်တွေက ငွေကြေးပေါ် အခြေခံပြီး တည်ဆောက်ထားတာပါ။ ရီးရဲလ်မက်ဒရစ်လည်း ငွေကြေးနဲ့ တည်ဆောက်တာပါပဲ။ ဒါပေမယ့် သူတို့က သမိုင်းကြောင်းတွေ ရှိပါတယ်။
မန်စီးတီးကတော့ ငွေကြေးပဲရှိပြီး ကစာသမားတွေကလည်း အဲ့တစ်ခုတည်းအတွက် မန်စီးတီးမှာ သွားကစားနေကြတာပါ ” လို့ သုံးသပ်ဝေဖန်သွားတာ ဖြစ်ပါတယ်။
မန်စီးတီးဟာ ဒီရာသီမှာလည်း သူတို့ရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ချန်ပီယံလိဂ် ဆုဖလားကို အောင်မြင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့်လို့ ပရီးမီးယားလိဂ်မှာတော့ လီဗာပူးအသင်းကို အသာရနေဆဲဖြစ်ပြီး လာမယ့် ဝက်ဟမ်းနဲ့ပွဲကို သွင်းဂိုး အများနဲ့ အနိုင်ရမယ်ဆိုရင် ရာသီကုန်မှာ ချန်ပီယံဖြစ်ဖို့တော့ သေချာသွားမှာ ဖြစ်ပါတယ်။