အပြောင်းအရွှေ့မှာ မန်စီးတီးက ပေါင် သန်း ၁၀၀ ဈေးသက်သာခဲ့ခြင်းကို မီဂါရစ်ချက် ချီးကျူး
ဟာလန်းကို မန်စီးတီး ခေါ်ယူလိုက်တာနဲ့ ပတ်သက်ပြီး မီကာရစ်ချတ်ဟာ သူ့ရဲ့ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ဖြစ်နေသလို စီးတီးအနေနဲ့ ကလပ်ရဲ့ အပြောင်းအရွှေ့ လုပ်ငန်းစဉ်တွေကို ဘယ်လို ကောင်းကောင်းလုပ်နေလဲ ဆိုတာ ဟာလန်းက သက်သေပဲလို့ ပြောဆိုခဲ့ပါတယ်။
ဝုဗ်ကို ၅-၁ နဲ့ အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ၃ မှတ်အသာနဲ့ ပြန်လည် ဦးဆောင်ခဲ့တဲ့ မန်စီးတီးဟာ နောက်ရာသီ မတိုင်ခင် ဟာလန်းကို ပေါင် ၅၁ သန်းနဲ့ ခေါ်ယူခဲ့ကြောင်း အင်္ဂါနေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာကလပ်ဟာ အဓိကပြိုင်ဘက်ဖြစ်တဲ့ လာလီဂါ ဘီလူးကြီး ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး ဟာလန်းကို ရရှိခဲ့တာဖြစ်ပါတယ်။
စီးတီးဟာ လက်ရှိ ဈေးကွက်တန်ကြေးရဲ့ သုံးပုံတစ်ပုံ ပမာဏလောက်နဲ့ ဟာလန်းကို ခေါ်ယူနိုင်ခဲ့တာကြောင့် ဒါဟာ အပြောင်းအရွှေ့ဈေးကွက်မှာ သူတို့ရဲ့ လက်ဖျားခါလောက်တဲ့ ထူးချွန်မှုတွေကို ပြသနေတာဖြစ်တယ်လို့ ရစ်ချတ်က ယုံကြည်နေပါတယ်။
“ ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေတယ်။ မန်စီးတီးက ဟာလန်းကို ပေါင် ၅၁ သန်းနဲ့ ရခဲ့တာပါ။ ဟာလန်းက ဒီနေ့ ဈေးကွက်မှာ ပေါင်သန်း ၁၅၀ လောက် ထိုက်တန်ပါတယ်။ သူ့ကို စိတ်ဝင်စားမှုတွေ များစွာရှိနေတဲ့ကြားက စီးတီးကို ရောက်လာတာဟာ အသင်းရဲ့ စီမံခန့်ခွဲမှု စွမ်းရည်အတွက် အဓိက သက်သေပါပဲ။
အပြောင်းအရွှေ့မှာ အပိုဆုကြေးတွေ ထပ်ပါပေမယ့် ဟာလန်းက မန်စီးတီးလို အသင်းတစ်သင်းမှာ ကစားနေတာကို စိတ်ကူးကြည့်ပါ။ မင်းမှာ ပလန်ဘီတစ်ခု ရှိဖို့လိုတဲ့အချိန် သူက အမြဲတမ်း မတူညီတဲ့ တစုံတစခုကို ထပ်ထည့်ပေးပါလိမ့်မယ်။ ဒါက ကြီးမားတဲ့ သိမ်းပိုက်မှုတစ်ခုပဲ။ ကျွန်တော် အရမ်းကို စိတ်လှုပ်ရှားနေပါပြီ ” လို့ ၎င်းက ဆိုပါတယ်။
ဟာလန်းဟာ ချန်ပီယံလိဂ် ၁၃ ပွဲမှာ ၁၅ ဂိုး သွင်းယူခဲ့ပြီး ပြိုင်ပွဲသမိုင်းမှာ ၂၁ နှစ်မပြည့်ခင် သူ့ထက် ဂိုးပိုသွင်းနိုင်ခဲ့တဲ့သူ မရှိတော့ပါဘူး။ သူ့ရဲ့ ဥရောပပြိုင်ပွဲ စွန့်စားခန်းတွေကို ရစ်ချတ်က ချီးကျူးခဲ့ပါတယ်။ ဒါပေမယ့် သူရောက်လာတာဟာ ဂေဘရီရယ်ဂျေးဆုအတွက် ထွက်သွားဖို့ မဖြစ်သင့်ဘူးလို့ စီးတီးနောက်ခံလူဟောင်းက ပြောဆိုခဲ့ပါတယ်။
“ ဟာလန်းရဲ့ ချန်ပီယံလိဂ် သွင်းဂိုးမှတ်တမ်းက အရမ်းငယ်သေးတဲ့ ကစားသမားတစ်ယောက်အတွက် အရမ်းထူးခြားပါတယ်။ သူက ဒီအသင်းမှာ ဂိုးတွေ အများကြီး သွင်းယူပေးသွားမှာပါ။ ကျွန်တော် သူ့ကို ယုံကြည်တယ်။ အခုချိန်မှာ ဂျေးဆုကိုတော့ မရောင်းစေချင်ဘူး။ ဟာလန်းက စီးတီးမှာ ရှိတဲ့ ရွေးချယ်စရာတွေနဲ့ မတူညီတဲ့ ရွေးချယ်စရာ တစ်ခုပါ ” လို့ ရစ်ချတ်က ပြောခဲ့တာ ဖြစ်ပါတယ်။