အာဆင်နယ် အပြင် ဥရောပ ထိပ်သီးကလပ် ၄ သင်းကပါ ချိတ်ဆက်ခံနေရတဲ့ မန်စီးတီး တိုက်စစ်မှုး
မန်စီးတီး တိုက်စစ်မှုး ဂါဘရီရယ် ဂျေးဆု ကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေတဲ့ထဲမှာ နည်းပြ အာတီတာရဲ့ အာဆင်နယ် အသင်း အပြင် ဥရောပ ထိပ်သီးကလပ်တွေကလည်း စိတ်ဝင်စား လှုပ်ရှားလာနေတယ် လို့ သိရပါတယ်။
နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရ လာလီဂါ အသင်းကြီးတွေ ဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ အက်သလက်တီကို မက်ဒရစ် အသင်းတို့ဟာ ဂျေးဆု ကို ခေါ်ယူဖို့ ကြိုးစားလာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဂျူဗင်တပ်နဲ့ အင်တာမီလန်တို့ကလဲ ဂျေးဆုကို စောင့်ကြည့်နေကြပြီး ဂျာမန်ကလပ်တွေကလဲ ဂျေးဆု ကို ချိတ်ဆက် ကမ်းလှမ်းထားတယ် လို့ သိရပါတယ်။
မန်စီးတီးအသင်း က တိုက်စစ်မှုးနေရာ အတွက် အာလင်းဟာလန်းကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဂျေးဆု ကို ထွက်ခွာခွင့် ပြုသွားမယ့် အခြေအနေရှိနေပါတယ်။ မန်စီးတီးအသင်းဟာ ၂၅ နှစ် အရွယ် ဘရာဇီးသား ကို ပေါင် သန်း ၄၀-၅၀ ခန့်နဲ့ ရောင်းချသွားဖွယ် ရှိနေပါတယ်။
အစောပိုင်းမှာ အာဆင်နယ်အသင်းဟာ ကစားသမားကို ခေါ်ယူနိုင်ဖို့ ညှိနှိုင်းနေခဲ့ပေမယ့် အခု ဘာစီလိုနာအသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ကလဲ ကစားသမားကို ခေါ်ယူဖို့ ကြိုးစားလာတယ်လို့ သတင်းတွေအရ သိရပါတယ်။
ဂန်းနားဟောင်း အူဘာမီယန်းဟာ ဘာစီလိုနာအသင်းထံ ပြီးခဲ့တဲ့ ရာသီဝက်က ရောက်ရှိခဲ့ပြီး ဂိုးတွေ သွင်းယူ ပေးထားနိုင်ခဲ့ပေမယ့် သူဟာ ၃၂ နှစ်အရွယ် ရှိပြီဖြစ်လို့ မကြာခင်မှာ ကစားသမားဘဝ အနားယူရတော့မယ့် အရွယ်ရောက် လာတော့မှာပါ။
အက်သလက်တီကို မက်ဒရစ်ကတော့ အသင်းကနေ ရာသီကုန်လျှင် စာချုပ်သက်တမ်းကုန်ကာ ထွက်ခွာတော့မယ့် တိုက်စစ်မှူး လူးဝစ်ဆွာရက်ရဲ့ နေရာမှာ ဖြည့်တင်းဖို့ ဂျေးဆု ကို ခေါ်ယူချင်နေတာပါ။
အာဆင်နယ်ကတော့ ဂျေးဆု ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာဟာ မန်စီးတီးနည်းပြ ဂွာဒီယိုလာရဲ့ လက်ထောက်အဖြစ် ၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ အတူတူ လက်တွဲလုပ်ခဲ့ဖူးပြီး ဂျေးဆုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့သူပါ။
ဘရာဇီးသား တိုက်စစ်မှုးဟာ ပရီးမီးယားလိဂ်မှာ ဆက် ကစားချင်နေတယ်လို့လည်း အေးဂျင့် ဖြစ်သူက ထုတ်ဖော် ပြောဆိုထားပါတယ်။ ဂျေးဆု ဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ရှိနေသေးပေမယ့် အသင်းနဲ့ စာချုပ် သက်တမ်းတိုးဖို့ ငြင်းဆိုထားပါတယ်။