ဗီလာနဲ့ နောက်ဆုံးပွဲမှာ မန်စီးတီးက သေသေကြေကြေ အစွမ်းကုန် ကြိုးစားမယ် ဆိုတဲ့ ပက်ရဲ့ ကတိ

မန်စီးတီးအသင်းဟာ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ သရေကျခဲ့အပြီး ပရီးမီးယားလိဂ် အမှတ်ပေးဖလား အတွက် နောက်ဆုံးပွဲစဉ် အက်စတွန်ဗီလာနဲ့ ပွဲမှာ အဆုံးအဖြတ် ကစားရဖို့ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

မန်ချက်စတာ စီးတီး နည်းပြ ဂွာဒီယိုလာ ကတော့ အက်စတွန်ဗီလာနဲ့ ပွဲမှာ သေသေကြေကြေ အသည်းပေါက်မတတ် ကစားသွားမယ်လို့ ကတိပေးလိုက်ပါတယ်။ မန်စီးတီးဟာ ဝက်စ်ဟမ်းကို မထင်မှတ်ဘဲ သရေကျခဲ့အပြီး လီဗာပူး ကသာ လာမယ့်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် တမှတ်သာ ကွာကြတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် နောက်ဆုံးကစားရမယ့် ဗီလာနဲ့ပွဲက သေရေးရှင်ရေးဖြစ်လာပြီး မဖြစ်မနေ အနိုင် ကစားရတော့မှာလည်း ဖြစ်ပါတယ်။ လီဗာပူး က လက်ကျန်နှစ်ပွဲအဖြစ် ဝုလ်ဗ်၊ ဆောက်သမ်တန်တို့နဲ့ကစားရမှာဖြစ်လို့ အနိုင်ရဖို့ သေချာသလောက် ရှိနေကာ မန်စီးတီးသာ ခြေချော်ခဲ့မယ်ဆိုရင် အမှတ်ပေးဖလားကို သူတို့က ဆွတ်ခူးနိုင်မှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဂွာဒီယိုလာကတော့ နောက်ဆုံးပွဲနဲ့ပတ်သက်ပြီးတော့ ပြောဆိုခဲ့ရာမှာ “ကျနော် ခင်ဗျားကို အာမခံနိုင်တာ တခု ရှိတယ်။ တပတ်အတွင်း ကျနော်တို့ကွင်းမှာ ကျယ်လောင်တဲ့ အော်ဟစ်အားပေးသံတွေ ကြားရလိမ့်မယ်။

ပရိသတ်တွေ အတွက် ကျနော်တို့အားလုံး ဘဝနဲ့ရင်းပြီး သေသေကြေကြေ ပေးဆပ် ကစားသွားမယ်။ သူတို့ကလည်း ၉၅ မိနစ်လုံးလုံး ကျနော်တို့ကို အစွမ်းကုန်ကို အားပေးကြလိမ့်မယ်။ အိမ်ကွင်းမှာ အနိုင်ယူပြီး ချန်ပီယံဖြစ်ရတာကို မယုံနိုင်ရစရာ အထူးအ ခွင့်အရေးတခုပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲမှာ အနိုင်ရရှိဖို့အတွက် အခွင့်အရေးအဖြစ် ပင်နယ်တီရရှိခဲ့ပေမယ့်လည်း မာရက်ဇ်ကန်သွင်းခဲ့ရာမှာ လွဲချော်ခဲ့လို့ နစ်နာခဲ့ရပြီး အသာစီးရမယ့် အခွင့်အရေးကိုပါ လက်လွှတ်ခဲ့ရလို့ ဂွာဒီယိုလာအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။

နောက်ဆုံးပွဲအဖြစ်ကစားရမယ့် ဗီလာကလည်း လီဗာပူး ရဲ့ နာမည်ကျော်ကစားသမားဟောင်း ဂျရတ် ကိုင်တွယ်နေလို့ ဂျရတ်က သူ့အသင်းဟောင်းကို ကူညီပေးဖို့ရာအတွက် မန်စီးတီးကို ဒုက္ခပေးနိုင်သမျှပေးသွားလိမယ့်လို့လည်း အားလုံးက ယူဆနေကြပါတယ်။

ဒါပေမယ့် ဂွာဒီယိုလာရဲ့ မန်စီးတီးဟာ အမှတ်ပေးဖလား အတွက် အဆုံးအဖြတ်တွေ ကြုံလာတိုင်း လွဲချော်မခံဘဲ ဖလား ယူနေကြ ဖြစ်ပြီး ဗီလာရဲ့ လက်ရှိ ခြေစွမ်းက စီးတီးကို အနိုင် ကစားနိုင်ဖို့ ဆိုတာ မဖြစ်နိုင်သလောက် နီးပါးကို ရှိပါတယ်။