ဝက်စ်ဟမ်းနဲ့ ပွဲမှာ မန်စီးတီးက ပထမပိုင်းမှာတည်းက ပင်နယ်တီ ရခဲ့သင့်တာလို့ ဆိုခဲ့တဲ့ မီကာရစ်ချက်နဲ့ နဗီးလ်
ဘောလုံးပွဲ အစီအစဉ်တင်ဆက်သူ ကစားသမားဟောင်းကြီး ၂ဦးဖြစ်တဲ့ မန်စီးတီးနောက်ခံလူဟောင်း မီကာရစ်ချက်နဲ့ မန်ယူ နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်တို့ကတော့ မန်စီးတီးအသင်းဟာ ဝက်စ်ဟမ်းနဲ့ ပွဲမှာ ပထမပိုင်းမှာကတည်းက ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့သင့်တယ်လို့ ပြောဆိုသွားခဲ့ကြပါတယ်။
ပင်နယ်တီ ရခဲ့သင့်တဲ့ အဖြစ်အပျက် ကတော့ မန်စီးတီးတိုက်စစ်မှူး ဂါဘရီရယ် ဂျေးဆပ်စ်အပေါ် ဝက်စ်ဟမ်းနောက်ခံလူ ဇူးမားရဲ့ဟန့်တားမှုက ပြစ်ဒဏ်ဘော ဖြစ်တယ်လို့ သူတို့က ယူဆနေကြတာပါ။
အဲ့ဒီ့ဖြစ်ရပ်မှာ ကွင်းလယ်ဒိုင် အန်တိုနီတေလာက ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့ခြင်းမရှိခဲ့သလို VAR ကလည်း ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကိုပဲ ထောက်ခံခဲ့ပါတယ်။

ဒါပေမယ့် ဇူးမားရဲ့ဖျက်ထုတ်မှုဟာ ဂျေးဆပ်စ်ရဲ့ ခြေထောက်၂ဖက်လုံးကို တိုက်ရိုက်ထိခဲ့တာဖြစ်ပြီး ဒီအပေါ်မှာ မီကာရစ်ချက်က ” ဒါက သေချာပေါက် ပင်နယ်တီပါ။ VAR အဖွဲ့က ဘယ်လိုတွေ ဆုံးဖြတ်နေသလဲ မသိတော့ပါဘူး ” လို့ ဝေဖန်သွားခဲ့ပါတယ်။
မီကာရစ်ချက်ရဲ့ စကားကို မန်ယူ နောက်ခံလူဟောင်း ဂယ်ရီနဗီးလ် ကလည်း သဘောတူ ထောက်ခံခဲ့ပါတယ်။
မာရက်ဇ်ကန်သွင်းခွင့်ရတဲ့ ပင်နယ်တီမှာလည်း ကွင်းလယ်ဒိုင်ဟာ ချက်ချင်း ပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့ခြင်း မရှိခဲ့ဘဲ မန်စီးတီးကစားသမားတွေ အုပ်စုဖွဲ့ စောဒကတက်မှုနဲ့အတူ VAR ပြန်ကြည့်ပြီးမှာ ပင်နယ်တီ ကန်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ တစ်ဖက်၂ဂိုးစီ သရေ ကျခဲ့ကြတာ ဖြစ်ပါတယ်။ ယူရိုပါလိဂ်ဝင်ခွင့်အတွက် အထူးကြိုးစားလာတဲ့ အိမ်ရှင် ဝက်စ်ဟမ်းအသင်းဟာ ပထမပိုင်းမှာကတည်း တိုက်စစ်ကစားသမား ဘိုဝင်ရဲ့ သွင်းဂိုး၂ဂိုးနဲ့ မန်စီးတီးအသင်းကို ဦးဆောင်ထားနိုင်ခဲ့တာပါ။
ဒါပေမယ့် ချန်ပီယံဖြစ်ဖို့ အမှားခံလို့မရတဲ့ မန်စီးတီးအသင်းဟာ ချေပဂိုး ၂ဂိုး ပြန်လာနိုင်ခဲ့ပြီး အနိုင်ဂိုးဖြစ်လာနိုင်တဲ့ မာရက်ဇ်ရဲ့ ပင်နယ်တီကန်ချက်ကိုတော့ ဝက်စ်ဟမ်း ဂိုးသမား ဖေဘီယန်းစကီးက အကောင်းဆုံး လက်စွမ်းပြ ကာကွယ် သွားနိုင်ခဲ့တာကြောင့် စီးတီးတို့ သရေ တစ်မှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။
