ပရီးမီးယားလိဂ် ဖလားက မန်စီးတီး ရသွားဖို့ သေချာနေပါပြီလို့ ဝန်ခံသွားတဲ့ လီဗာပူးနည်းပြ ကလော့ပ်

မန်ချက်စတာစီးတီး အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ နောက်ဆုံး ပွဲစဉ်မှာ အက်စတွန်ဗီလာ အသင်းကို အိမ်ကွင်းမှာ အနိုင်ရသွားလိမ့်မယ်လို့ ယူဆမိကြောင်း လီဗာပူး နည်းပြ ကလော့ပ်က ဆိုလိုက်ပါတယ်။ ဒါ့အပြင် လီဗာပူး အသင်း အနေနဲ့ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပဲလို့ ကလော့ပ်က ဝန်ခံသွား ခဲ့ပါတယ်။

ကလော့က “စီးတီးတို့ ၂ ပွဲဆက်တိုက် အမှတ်လျော့ခဲ့တာ ဘယ်တုန်းကလဲဆိုတာကိုတောင် ကျွန်တော် မမှတ်မိ တော့ပါဘူး။ ဒ့ါအပြင် အက်စတွန်ဗီလာဟာ ကြားရက်မှာ ဘန်လေနဲ့ ကစားသွားရမှာပါ။ သူတို့ဟာ ကြားရက် ပွဲစဉ်တွေနဲ့ သိပ်ပြီးတော့ အသားတကျ ဖြစ်မှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။

ဒါပေမယ့် သူတို့ဟာ ပရော်ဖက်ရှင်နယ်ကျတဲ့ သူတွေ ဖြစ်ပြီး စီးတီးကွင်းမှာ သွားရောက် အနိုင်ကစားချင်ကြမှာ သေချာပါတယ်။ ဒါပေမယ့် စီးတီးဟာ တအားကို ကောင်းလှတဲ့ ဘောလုံးအသင်း ဖြစ်ပါတယ်။

ကျွန်တော် ကတော့ စီးတီးတို့ အိမ်ကွင်းမှာ အမှတ်လျော့လိမ့်မယ်လို့ မမြင်မိပါဘူး။ ဒါပေမယ့် ဒါဟာ မနက်ဖြန် ဆောက်သမ်တန်နဲ့ ကစားရမယ့် ပွဲစဉ် အတွက် တစ်စုံတစ်ရာ သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ စိတ်ကူးထားတာ ကတော့ နောက်ဆုံး ပွဲစဉ်ကို မန်စီးတီးနဲ့ တစ်မှတ်အကွာ အနေအထားနဲ့ သွားချင်တာပါ။ ဒါဟာ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုကို ရင်ခုန်ချင်တဲ့ ပရိတ်သတ်တွေ အတွက် အကောင်းဆုံး ဇာတ်လမ်း ဖြစ်ပြီး ကျွန်တော်တို့ ဒီလို ဖြစ်အောင် ကြိုးစားသွားမှာပါ။” လို့ ပြောသွားပါတယ်။

လီဗာပူးဟာ ဒီညမှာ ဆောက်သမ်တန်ကို အဝေးကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပြီး ဒီပွဲကို အနိုင်ရခဲ့မယ်ဆိုရင် ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ မန်စီးတီးရဲ့ တစ်မှတ်အကွာကို ရောက်လာမှာ ဖြစ်ပါတယ်။

တကယ်လို့ လီဗာပူးသာ ဒီညမှာ ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် အမှတ်ပေးဖလား ပြိုင်ဆိုင်မှုက ပြီးဆုံးသွားမှာ ဖြစ်ပြီး စီးတီးတို့ ချန်ပီယံ ဖြစ်သွားမှာ ဖြစ်ပါတယ်။ သရေ ကျခဲ့မယ်ဆိုရင်လည်း နောက်ဆုံးပွဲစဉ်မှာ စီးတီးတို့ ရှုံးခဲ့မယ်ဆိုရင်တောင် ဂိုးကွာခြားချက် အရ ဂွာဒီယိုလာရဲ့ အသင်းပဲ ဗိုလ်စွဲသွားဖို့ ရာခိုင်နှုန်း အတော် များနေပါတယ်။