ဒီနွေမှာ မန်စီးတီးကိုပဲ ပြောင်းလာလိုနေတဲ့ ယူနိုက်တက် ပစ်မှတ် ကွင်းလယ်လူ

မန်စီးတီးအသင်းဟာ ဒီနွေမှာ ကွင်းလယ်နေရာအတွက် အင်အားဖြည့်မှု လုပ်တဲ့အခါ လိဒ်နဲ့ အင်္ဂလန် ကွင်းလယ်လူ ကယ်ဗင် ဖိလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားထားပါတယ်။

မန်နေဂျာဂွာဒီယိုလာက ဖာနန်ဒင်ဟိုရဲ့ နေရာမှာ အစားထိုးဖို့ ကွင်းလယ်လူအဖြစ် ကယ်ဗင် ဖိလစ်ကို သဘောတွေ့ထားတာပါ။ ဂွမ်ဒိုဂန်ရဲ့ အနာဂတ်ကလည်း မသေချာသေးတာနဲ့အတူ မန်စီးတီးဟာ လိဒ်မှ ပေါင် သန်း ၅၀ တန်ကြေးရှိ ကယ်ဗင် ဖိလစ်နဲ့ ဝက်ဟမ်းအသင်းမှ ပေါင် သန်း ၁၀၀ တန်ကြေးရှိ ရိုက်တို့ကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ဂွာဒီယိုလာနဲ့ စီးတီး အားကစားဒါရိုက်တာ ဘီဂိရီစတိန်းတို့က ဖိလစ်ဟာ သူတို့အသင်း ကစားဟန်မှာ အံဝင်မယ်လို့ ယုံကြည်နေတယ်။ ဒီရာသီမှာ မန်စီးတီး ကင်းထောက်တွေက ဖိလစ်ကို အကြိမ် အတော်များများ လေ့လာမှုတွေလည်း ပြုလုပ်ထားခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူရေး မန်စီးတီးရဲ့ အဓိက ပြိုင်ဘက်တွေထဲ ယူနိုက်တက်လည်း ပါဝင်နေပါတယ်။

ဇန်နဝါရီမှာတုန်းက အက်စတွန်ဗီလာနဲ့ ဝက်ဟမ်းတို့ထံက ကမ်းလှမ်းမှုတွေကို လက်ခံရရှိခဲ့ပေမယ့် လိဒ်ဘက်က ငြင်းဆန်ထားခဲ့ပါတယ်။ အက်စတန်ဗီလာဟာ ပေါင် သန်း ၆၀ လောက်တန်တဲ့ ကမ်းလှမ်းမှုကို ပေးထားခဲ့တာဖြစ်ပြီး တန်းဆင်းဇုန် ဖိအားတွေ ရှိထားခဲ့တဲ့ လိဒ်ယူနိုက်တက်က လုံးဝ ရောင်းထုတ်ပေးမှာ မဟုတ်ဘဲ နွေကျမှ ကစားသမားရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ပေးမယ်လို့ သိခဲ့ရတာဖြစ်ပါတယ်။

ဒီနွေမှာတော့ မန်စီးတီးဟာ အင်္ဂလန်ပြိုင်ဘက် ကလပ်အများအပြားနဲ့ ယှဉ်ပြိုင်ပြီး ဖိလစ်ကို ကမ်းလှမ်းသွားမှာဖြစ်တယ်။ အခုချိန်ထိ ယူနိုက်တက်ဘက်က တရားဝင် ကမ်းလှမ်းမှု မရှိသေးပေမယ့် ကစားသမားကတော့ ငယ်စဉ်တည်းက သူအားပေးခဲ့တဲ့ ကလပ်ကို ပြောင်းဖို့ထက် မန်စီးတီးထံ ပြောင်းဖို့ကိုပဲ ပိုအားသန်နေတယ်လို့ ဗြိတိန်သတင်းဌာန Mirror က ဖော်ပြတယ်။

အသင်းသစ်မှာ ဖိလစ်ဟာ လက်ရှိ ရနေတဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၈၀၀၀ ရဲ့ ၃ ဆ ဝန်းကျင် တိုးမြင့် ရနိုင်တယ်လို့လည်း သိထားရပါတယ်။ ၂၀၂၀ ယူရို ပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ လိဒ်ကွင်းလယ်လူကိုတော့ ပြင်သစ်ကလပ် ပီအက်စ်ဂျီကလည်း စောင့်ကြည့်နေသေးတာ ဖြစ်ပါတယ်။