နောက်ဆုံးပွဲအတွက် အီသီဟက်ကွင်းမှာ ချန်ပီယံဖလား အစစ်ကို ထားရှိပေးမယ့် ပရီးမီးယားလိဂ်
ပရီးမီးယားလိဂ် တာဝန်ရှိသူတွေဟာ ရာသီ အပိတ်ပွဲစဉ်မှာ ချန်ပီယံ ဆုဖလားကြီးကို ချီးမြှင့်ဖို့ အတွက် အီတီဟတ် ကွင်းမှာရော အန်ဖီးလ် ကွင်းထဲမှာပါ တစ်ပြိုင်နက် စီစဉ်ပေးမှာဖြစ်ပါတယ်။
ချန်ပီယံ အဆုံးအဖြတ်က နောက်ဆုံးပွဲစဉ်ပြီးမှသာ အဖြေထွက်ဖို့ အကြောင်း ဖန်လာခဲ့ပါတယ်။ မန်စီးတီး အနေနဲ့ အိမ်ကွင်းမှာ ဗီလာ ကို အနိုင်ကစားပြမှသာ လီဗာပူး ရလာဒ်ကို စောင့်ကြည့်စရာ မလိုပဲ အောင်ပွဲခံခွင့် ရှိမှာ ဖြစ်သလို ၊ လီဗာပူး အနေနဲ့လဲ တစ်ဖက်မှာ မန်စီးတီးက အမှတ်လျှော့ပြီး သူတို့က နိုင်ပွဲ ရယူပြနိုင်မှ ချန်ပီယံ ဖလား ကိုင်မြှောက်ခွင့် ရမှာ ဖြစ်ပါတယ်။
Telegraph Football သတင်း ဌာန ကတော့ ပရီးမီးယားလိဂ် ဖလား အစစ်ကို အီတီဟတ် ကွင်းထဲမှာ ထားမယ်လို့ အခိုင်အမာ ဆိုထားကာ ၊ ချီးမြှင့်ဖို့ အတွက် အလုပ်အမှုဆောင်ချုပ် Richard Masters ကိုယ်တိုင် ပွဲကြည့်စင်မှာ နေရာယူထားမှာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာ ပရီးမီးယားလိဂ် ဖလား ကိုယ်ပွား ကို အန်ဖီးလ် ကွင်းထဲမှာ ပြသထားမှာ ဖြစ်ပြီး ၊ ဆုချီးမြှင့် နိုင်ဖို့ အတွက် ယာယီ ဥက္ကဌ က တာဝန်ယူဖို့ အသင့်ရှိနေမယ်လို့ သိရပါတယ်။
ဒီနှစ်သင်း အကြား အခုလို ဖြစ်ရပ်မျိုး ကြုံတွေ့တာ ဒါက ဒုတိယ အကြိမ်မြှောက် ဖြစ်ပြီး ၊ မန်စီးတီးသာ ဖလားကြီးကို သိမ်းပိုက် နိုင်မယ် ဆိုရင် နောက်ဆုံး 5 နှစ် အတွင်း 4 ကြိမ်မြှောက် ဆုဖလားကို သိမ်းပိုက်တဲ့ မှတ်တမ်းကောင်း တစ်ခုကို ပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။
လီဗာပူး နည်းပြ ကလော့ပ် ကတော့ ဆောက်သမ်တန် ကို အနိုင်ယူတဲ့ ပွဲအပြီးမှာ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးဖို့ အတွက် ဖြစ်နိုင်ချေ နည်းသည့်တိုင်အောင် ၊ ဒါဟာ ထင်မှတ်မထားတဲ့ ရလာဒ်တွေ ထွက်ပေါ်လေ့ရှိတဲ့ ဘောလုံး ပြိုင်ပွဲဖြစ်တာမို့ မျှော်လင့်ချက် အပြည့်နဲ့ ကြိုးစား ကစားသွားမယ်လို့ ဆိုလိုက်ပါတယ်။
စီးတီးဟာ ဒီရာသီ ပရီးမီးယားလိဂ်ကို အောင်မြင်ဖို့ ကောင်းကောင်းအနားယူနေပြီး ဒီအပတ် တနင်္ဂနွေနေ့မှာတော့ အကောင်းဆုံး ယှဉ်ပြိုင်လာမှာ ဖြစ်ပါတယ်။