လက်ရှိ မန်စီးတီးနဲ့ လီဗာပူး က ပရီးမီးယားလိဂ် သမိုင်းတလျောက် အကောင်းဆုံးတွေ လို့ ချဲလ်ဆီး နည်းပြ တူချယ် ပြောဆို

ချဲလ်ဆီး အသင်း နည်းပြ တူချယ်ကတော့ လက်ရှိ မှာ မန်စီးတီးနဲ့ လီဗာပူး အသင်းတို့ ခြေစွမ်းက ပရီးမီးယားလိဂ် သမိုင်းတလျှောက် အကောင်းဆုံးလို့ ဆိုနိုင်ကြောင်း သုံးသပ် ပြောဆိုလိုက်ပါတယ်။

တူချယ်ရဲ့ ချဲလ်ဆီးကတော့ မန်စီးတီးနဲ့ လီဗာပူးတို့ နောက် ရာသီကုန် အမှတ်ပေးဇယားအဆင့် ၃ နေရာ မှာပဲ ရပ်တည်နိုင်ဖို့ အလားအလာများနေပြီး ဒီရာသီ ဖလားလက်မဲ့နဲ့ သိမ်းရတော့မှာ ဖြစ်ပါတယ်။

နည်းပြ တူချယ်က “ကျွန်တော်တို့ အမှတ်ပေးဇယားအဆင့် ၃ နေရာရအောင် စွမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ပါ တယ်။ ဒီအတွက်လည်း တိုးတက်မှုတွေ ရှိနေပါတယ်။ တကယ့်ကို ခက်ခဲကြမ်းတမ်းတဲ့ အမှတ်ပေးလိဂ် ပြိုင်ပွဲတစ်ခုမှာ ကျွန်တော်တို့အသင်းက အဆင့် ၃ နဲ့ ရာသီသိမ်းနိုင်ဖို့ ရှိနေပါတယ်။

ကျွန်တော်တို့ဟာ အင်္ဂလန် ပရီးမီးယားလိဂ် သမိုင်းတလျှောက် အကောင်းဆုံးနှစ်သင်းလို့ ယူဆရမယ့် မန်စီးတီး၊ လီဗာပူးတို့နဲ့ ယှဉ်ပြိုင်နေရတာ ဖြစ်တယ်။ ဒီနေရာမှာ ဒီရှုထောင့်ကနေကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် ရာသီကုန်ခဲ့ရင်တောင် အိပ်ရေးပျက်စရာမရှိပါဘူး။

ဒါပေမယ့် ကျေနပ်စရာမရှိတဲ့ ရည်မှန်းချက်တွေလည်း ဒီရာသီမှာ ရှိခဲ့ပါတယ်။ ဒါကိုထုတ်ဖော်ပြောရတာ ကောင်းပါတယ်။ ကျွန်တော်တို့ မလုပ်နိုင်ခဲ့တဲ့ အရာအတွက် ကျွန်တော်တို့ စိုးရိမ်ပူပန်နေစရာ မလိုပါဘူး။ ဒါက အချို့အဆင့်တွေမှာဆိုရင် အိုကေသလို အချို့အဆင့်တွေမှာဆိုရင် အလွန်ကောင်းနေပေမယ့် အမြဲတမ်း တိုးတက်ရမယ့် ကဏ္ဍတွေထဲမှာပဲ ရှိနေခဲ့တယ်။ ကျွန်တော်တို့ လက်လျှော့အရှုံးပေးဖို့လည်း မရှိပါဘူး” လို့ ဆိုခဲ့ပါတယ်။

ချဲလ်ဆီး က လာမယ့်ရာသီ ချန်ပီယံလိဂ် ကစားခွင့် ရထားပြီ ဖြစ်သလို ဒီရာသီ အက်ဖ်အေ ဖလားနဲ့ ကာရာဘောင်း ဖလား ဗိုလ်လုပွဲအဆင့်တွေဆီ တက်ရောက်နိုင်ခဲ့ပါတယ်။ ချဲလ်ဆီး က အဓိက ဆုဖလားတွေ မယူနိုင်ခဲ့ပေမယ့် ကမ္ဘာ့ကလပ်ဖလားနဲ့ ဥရောပစူပါဖလားတို့ကိုတော့ ဒီရာသီ ရယူထားပါတယ်။