ချန်ပီယံလိဂ်ဝင်ခွင့် လွဲနိုင်တဲ့ အာဆင်နယ်ရဲ့ အဓိက ကစားသမားကို မန်စီးတီး ချိတ်ဆက်ဖွယ်ရှိ

မန်စီးတီးအသင်းဟာ လာမယ့်ရာသီ အသင်းရဲ့ တိုက်စစ်ကို အင်အားတိုးချဲ့ဖို့ ပြင်ဆင်နေရာမှာ ပရီးမီးယားလိဂ် လူငယ်ကြယ်ပွင့်လေး ဆာခါကို စိတ်ဝင်စားမှု အားကောင်းနေပါတယ်။

မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာက ဆာခါကို အလွန်သဘောကျနေတာဖြစ်လို့ အသင်းကနေ မာရက်ဇ် ဒါမှမဟုတ် စတာလင် တစ်ဦးဦး ထွက်ခွာသွားမယ်ဆိုရင် သူတို့ရဲ့နေရာမှာ ဆာခါနဲ့ အစားထိုးဖို့ စိတ်ဝင်စားထားပါတယ်။ ဂျေးဆုကို ရောင်းထုတ်ပေးဖို့ ဆွေးနွေးမှုမှာ ဆာခါနဲ့ ပတ်သက်ပြီး မေးမြန်းမှုလုပ်ဖို့ကို မန်စီးတီးဘက်က တွန့်ဆုတ်နေမှာ မဟုတ်ဘူး။

အာဆင်နယ်အသင်းအနေနဲ့ ဒီနှစ်ဘောလုံးရာသီကို Top 4 ပြင်ပ အဆင့် (၅)နေရာနဲ့သာ အဆုံးသတ်သွားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ ထပ်မံလွဲချော်ရမယ်ဆိုရင် အဓိက ကစားသမား တစ်ဦးဖြစ်တဲ့ ဆာကာကို စာချုပ်သစ် ချုပ်ဆိုသွားမယ့် ကိစ္စမှာပါ အခက်တွေ့သွားနိုင်ဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

အသက် (၂၀) အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမားလေး ဆာခါဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနေသူဖြစ်ပြီး အသင်းအတွက် တစ်ရာသီလုံးမှာ ပြိုင်ပွဲစုံသွင်းဂိုး (၁၂) ဂိုးနဲ့ ဂိုးဖန်တီးမှု (၆)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဆာခါကို ပြီးခဲ့တဲ့ ၂၀၂ဝ ခုနှစ်ကမှ (၄)နှစ်စာချုပ် ချုပ်ဆိုထားပေမယ့် လက်ရှိမှာ ရရှိနေတဲ့ တစ်ပတ်လုပ်ခကိုပါ တိုးမြှင့်ပေးပြီး နောက်ထပ်ကာလရှည် စာချုပ်တစ်ရပ် ချုပ်ဆိုသွားချင်နေတာပါ။ ကစားသမားကိုယ်တိုင်က ချန်ပီယံလိဂ်လို ပြိုင်ပွဲမျိုးမှာ ပါဝင်ဆင်နွဲချင်နေတာကြောင့် အာဆင်နယ်ရဲ့ စာချုပ်ကမ်းလှမ်းမှုကို ပယ်ချသွားဖွယ် ရှိလာနိုင်ပါတယ်။

ဆာခါကို မန်စီးတီးအပြင် လီဗာပူးလ်အသင်းကပါ စိတ်ဝင်စားနေတာဖြစ်လို့ အာဆင်နယ်သာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ သေချာပေါက် လွဲချော်မယ်ဆိုရင် ဆာခါကို ခေါ်ယူရေး ဂွာဒီယိုလာနဲ့ ကလော့ပ်တို့ နှစ်ဦးလုံး အားထုတ်လာမယ်လို့ သိရတာဖြစ်ပါတယ်။