နောက်ရာသီ လီဗာပူးနဲ့ ထပ် ယှဉ်ရဖို့ကို မစောင့်နိုင်အောင် ဖြစ်နေရပြီ ဆိုတဲ့ မန်စီးတီးကွင်းလယ် ဂွန်ဒိုဂန်
မနေ့ညက ပရီးမီးယားလိဂ် နောက်ဆုံးပွဲမှာ ဂွာဒီယိုလာရဲ့ မန်စီးတီး အသင်းဟာ အီတီဟတ်မှာ အက်စတွန်ဗီလာကို ၂-၀ နဲ့ အရေးနိမ့်နေခဲ့ပေမယ့်လည်း ပွဲချိန် နှောင်းပိုင်းမှာ ၅ မိနစ်အတွင်း ၃ ဂိုးသွင်းယူကာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး နေရာကို ပြန် ရယူနိုင်ခဲ့ပါတယ်။
စတီဗင်ဂျရတ်ရဲ့ ဗီလာ အသင်းဟာ မက်တီကတ်ရှ် ကော်တင်ညို တို့ရဲ့ ဂိုးတွေနဲ့ မန်စီးတီးကို ဦးဆောင်နိုင်ခဲ့တာကြောင့် လီဗာပူးဟာ အမှတ်ပေးဖလားအတွက် သွင်းဂိုး ၁ ဂိုးသာ လိုအပ်တော့တဲ့ အခြေအနေထိ ရောက်သွားခဲ့ပါတယ်။
ဒါပေမယ့်လည်း မန်စီးတီးဟာ အကောင်းဆုံး comeback နဲ့ ပြန်လာနိုင်ခဲ့ပြီး လိုအပ်တဲ့ အနိုင် ၃ မှတ် ရယူကာ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်သွားခဲ့ပါတယ်။
မန်စီးတီးရဲ့ comeback မှာ အရေးပါလှတဲ့ ကစားသမားတွေ ထဲက တစ်ဦး ကတော့ ဂွန်ဒိုဂန် ဖြစ်ပြီး ဂျာမနီ ကွင်းလယ်လူဟာ ၆၈ မိနစ်မှာ လူစားဝင်လာခဲ့တာ ဖြစ်ပြီး ၇၆ မိနစ် စီးတီးအတွက် ပထမချေပဂိုး ၊ ၈၁ မိနစ်မှာ အနိုင်ဂိုးကို ရယူပေးခဲ့တာ ဖြစ်ပြီး ဟီးရိုး ဖြစ်ခဲ့ပါတယ်။
ထို ပွဲစဉ်အပြီးမှာ ဂွန်ဒိုဂန်က “ရိုးရိုးသားသား ပြောရရင် ဗီလာကို ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့ အပြီးမှာ ကျွန်တော်တို့ရဲ့ အမှတ်ပေးဖလား မျှော်လင့်ချက်က တကယ့်ကို နည်းပါးသွားခဲ့ပါတယ်။ ကျွန်တော်တို့ ရိုးရှင်းတဲ့ အရာတွေကို အကောင်းဆုံး ပုံစံနဲ့ လုပ်ဆောင်သွားဖို့ ကြိုးစားခဲ့ရပါတယ်။ အဲဒီအချိန်မှာ အပေါင်းလက္ခဏာထက် အနုတ် လက္ခဏာဆောင်တဲ့ အရာတွေက များနေခဲ့ပါတယ်။
အရေးကြီးဆုံးက ဂိုး ၁ ဂိုး ရသွားဖို့ ဖြစ်ပြီး ချေပဂိုး တစ်ဂိုး ပြန်ရသွားခဲ့တာနဲ့ တစ်ပြိုင်နက် ကျွန်တော်တို့ ၃ ဂိုး သွင်းနိုင်လိမ့်မယ် လို့ ယုံကြည်မှု ရှိသွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့က ပရိတ်သတ်တွေ ပြန်ဖြစ် သွားခဲ့ပါတယ်။ ဒီလိုမျိုး နေ့တွေကို အသက်ကြီးလာတဲ့ အချိန်ထိ ပြန်လည် တမ်းတသွားရမှာပါ။
ဒီအမှတ်ပေးဖလား ပြိုင်ပွဲ မှာ လီဗာပူး ဖိအားပေးမှု မရှိခဲ့ဘူးဆိုရင် သူတို့လို ကစားဟန်မျိုး မရှိခဲ့ဘူးဆိုရင် ဒီလိဂ်ဟာ ဒီလိုမျိုး ဆွဲဆောင်မှု ရှိနိုင်လိမ့်မယ်လို့ ကျွန်တော် မထင်မိပါဘူး။ သူတို့ဟာ အကောင်းဆုံး ရာသီတစ်ခုကို ဖြတ်သန်းနေခဲ့တာ ဖြစ်ပြီး ကျွန်တော်တို့ တစ်ဦးနဲ့ တစ်ဦး နောက်ဆုံး လစ်မစ် ထိ တွန်းအားပေးခဲ့ကြပါတယ်။
ဒါပေမယ့် လီဗာပူး အတွက် ဝမ်းနည်းစရာ နေ့တစ်နေ့ ဖြစ်ခဲ့ပေမယ့်လည်း ကျွန်တော်တို့ သူတို့ လုပ်ပြခဲ့တဲ့ အရာတွေ ကို တန်ဖိုးထား ချီးကျူးသွားရမှာပါ။ ကျွန်တော်တို့ လာမည့် ရာသီ သူတို့နဲ့ ထပ်မံ ယှဉ်ပြိုင်သွားဖို့ မစောင့်နိုင် လောက်အောင် ဖြစ်နေပါပြီ။” လို့ ဆိုသွားပါတယ်။