၅ နှစ်မှာ ၄ ကြိမ် ချန်ပီယံဖြစ်တဲ့ မန်စီးတီးကို ဂန္တဝင်တွေအဖြစ် လေးစားကြဖို့ ဂွာဒီယိုလာ တောင်းဆို

နည်းပြဂွာဒီယိုလာက ဒီနှစ်မှာ ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့ခြင်းကို ကြီးမားတဲ့ အောင်မြင်မှုအဖြစ် ယုံကြည်နေသလို ကလပ်ရဲ့ အသင်းသားတွေကို ဂန္တဝင်တွေအဖြစ် အသိအမှတ် ပြုပေးကြရမယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

မန်စီးတီးဟာ ကုန်ခဲ့တဲ့ ဘောလုံးရာသီ ၅ ခုအတွင်းမှာ ၄ ကြိမ်ထိ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရခဲ့တာပါ။ တစ်ကြိမ်တည်းသော လက်လွတ်ခဲ့ခြင်းက ၂၀၁၉-၂၀၂၀ တုန်းက လီဗာပူးအသင်း ချန်ပီယံဖြစ်ခဲ့တဲ့ အကြိမ်ပဲ ဖြစ်ပါတယ်။

ဒီရာသီမှာလည်း မန်စီးတီးနဲ့ လီဗာပူးတို့ အကျိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး ရာသီကုန်မှာ တစ်မှတ် အကွာနဲ့တင် မန်ချက်စတာကလပ်က ချန်ပီယံဖြစ်ခဲ့ပါတယ်။ ပွဲအပြီး ဝမ်းသာမျက်ရည် ကျနေခဲ့တဲ့ ဂွာဒီယိုလာက သူ့အသင်းကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်။

ဂွာဒီယိုလာက ‘ ကျနော်တို့က ဂန္တဝင်တွေပါ။ ကျနော်တို့ကို အမြဲ အမှတ်ရနေကြမှာပါ။ အသင်းသားတွေကလည်း ဂန္တဝင်တွေဖြစ်ပါတယ်။ လူတွေက ဒါကို ဝန်ခံရပါလိမ့်မယ်။ ဒီကစားသမားတွေက မန်စီးတီးအတွက် ထာဝရ ဂန္တဝင်တွေပါပဲ။

၅ နှစ်အတွင်း ၄ ကြိမ်လောက်မှာ ကျနော်တို့ ကစားသမားဘဝရဲ့ အကောင်းဆုံးတွေကို အောင်မြင်ခဲ့ပါတယ်။ ဒီနိုင်ငံမှာ ၅ နှစ်အတွင်း ၄ ကြိမ် အောင်မြင်ခဲ့တာက ဒီကောင်လေးတွေ သိပ်ကောင်းလို့ပါ။ အိမ်ကွင်းက ပရိသတ်တွေရှေ့မှာ အနိုင်ရတာက အကောင်းဆုံးပါပဲ။

လီဗာပူးလို အသင်းမျိုးကိုလည်း တစ်ကြိမ်မှ မမြင်ဖူးပါဘူး။ ဘောလုံးရာသီတိုင်းမှာ သူတို့က ကျနော်တို့ကို ပိုကောင်းတဲ့အသင်း ဖြစ်လာစေပါတယ်။ ဒီနေ့ သိပ်ကောင်းပါတယ်။ ဒါက လူပေါင်း ၂၂ ဦး သေဆုံးခဲ့တဲ့ မန်ချက်စတာ ဗုံးပေါက်မှု နှစ်ပတ်လည်နေ့ ဖြစ်ပါတယ် ’ လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ ၅ နှစ်အတွင်း အမှတ်ပေးဖလား ၄ ကြိမ် အနိုင်ရခဲ့တာမို့ ယူနိုက်တက် ဂန္တဝင် ဆာအဲလက်စ်၊ လီဗာပူးဂန္တဝင် ဘော့ပီယာစလေတို့နောက်ပိုင်း ဒီစံချိန်ကို လိုက်မီတဲ့ နည်းပြလည်း ဖြစ်လာခဲ့ပါတယ်။