မန်စီးတီးနဲ့ လီဗာပူးတို့ နှစ်သင်းတည်း ပြေးတဲ့ ခေတ်က ကုန်ဆုံးပါပြီလို့ တန်ဟက် သတိပေး
မန်ချက်စတာယူနိုက်တက် နည်းပြသစ် တန်ဟက်က မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ လွှမ်းမိုးထားတဲ့ ခေတ်က ကုန်တော့မှာ ဖြစ်ကြောင်းနဲ့ ဂွာဒီယိုလာ၊ ကလော့ပ်တို့နဲ့ ယှဉ်ပြိုင်ဖို့ မစောင့်နိုင်အောင် ဖြစ်နေကြောင်း ထုတ်ပြောလာပါတယ်။
အသင်းသစ် နဲ့ ပြုလုပ်တဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲမှာ အဲရစ် တန်ဟတ် က သူဟာ ကလော့ နဲ့ ဂွာဒီယိုလာ တို့ကို အားကျ လေးစားပေမယ့် သူတို့ ၂ ယောက်ရဲ့ လွှမ်းမိုးထားမှုဟာ ထာဝရ ရှည်ကြာနေမှာ မဟုတ်ဘူးလို့ ပြောဆိုကာ လာမယ့် ရာသီ အတွက် သတိပေးစကား ပြောဆို သွားခဲ့ ပါတယ် ။
တန်ဟက်က “အခုချိန်မှာတော့ သူတို့ ၂ ယောက်စလုံး ( ကလော့ နဲ့ ဂွာဒီ ) ကို ကျွန်တော် အားကျ လေးစားပါတယ် ။ သူတို့ အသင်းတွေက တကယ်ကောင်းတဲ့ ပုံစံတွေနဲ့ ကစားနေတာပါ ။ ဒါပေမယ့် ခေတ်တိုင်းမှာ အဆုံးသတ် ဆိုတာ အမြဲ ရှိပါတယ် ။ သူတို့ နဲ့ ပုခုံးချင်း ယှဉ်နိုင်ဖို့ ကျွန်တော် ကြိုးစား သွားမှာပါ”
“ပရီးမီးယားလိဂ် က အခြားအသင်းတွေ ကလည်း ဒီလွှမ်းမိုးမှုကို အဆုံးသတ်ဖို့ ကြိုးစားကြမယ် ဆိုတာ ကျွန်တော် သေချာပေါက် ပြောရဲပါတယ်” လို့ တန်ဟတ် က ပြောဆို သွားခဲ့ပါတယ် ။
ဂွာဒီယိုလာနဲ့ ကလော့ပ်တို့ လွှမ်းမိုးတဲ့ ခေတ်က ကုန်သွားနိုင်တယ်လို့ ပြောလိုတာလား ထပ်ဆင့် မေးချိန်မှာ တန်ဟက်က ” ဟုတ်ပါတယ် ” လို့ တုန့်ပြန်ခဲ့ပါတယ်။
မန်စီးတီးဟာ ၅ ရာသီအတွင်း ၄ ကြိမ်မြောက် ချန်ပီယံအဖြစ် ဒီရာသီကို ရမှတ် ၉၃ မှတ်နဲ့ ချန်ပီယံဖြစ်ခဲ့ပြီး လီဗာပူးက ၉၂ မှတ်နဲ့ ဒုတိယနေရာက ရပ်တည်ခဲ့တာပါ။ လီဗာပူးအသင်းဟာ ဒီ ၅ နှစ်အတွင်း မန်စီးတီး လက်လွတ်ရတဲ့ တစ်ကြိမ်တည်းမှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် ၃ ရာသီမှာ ရမှတ် ၉၀ ကျော်ခဲ့တာဖြစ်ပါတယ်။
မန်စီးတီး၊ လီဗာပူးတို့ လွှမ်းမိုးမှုကို ဖောက်ထွက်ပြီး ၂၀၁၃ ခုနှစ်မှာ ဆာအဲလက်စ် နောက်ပိုင်း ပရီးမီးယားလိဂ်ဖလား စိန်ခေါ်ဖို့ ဝေးကွာနေတဲ့ ယူနိုက်တက်ကို အောင်မြင်မှုထံ ပြန်ပို့ပေးရေး တန်ဟက်က အတော်လေး စိတ်အားထက်သန်နေပါတယ်။