မန်စီးတီးမှာ ဟာလန်း ထင်သလောက် ပေါက်မှာ မဟုတ်ဘဲ အပိုးကျိုးဖို့လည်း လိုဦးမယ်လို့ ဖာဒီနန် သတိပေး
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်း ရီယို ဖာဒီနန်က မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်မှူးသစ် အာလင်း ဟားလန်းအနေနဲ့ ဒီအသင်းမှာ အလွယ်တကူ အသားကျဖို့ မဖြစ်နိုင်ဘဲ ရုန်းကန်ရနိုင်ကြောင်း သူ့ရှေ့က ကစားသမားတွေ ကို ဥပမာထား သတိပေးစကား ဆိုလိုက်ပါတယ်။
အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ အီတီဟတ်မှာ အသားကျပြီး ခြေစွမ်းပြနိုင်ဖို့ အချိန်ယူရနိုင်တယ်လို့ ဖာဒီနန်က ပြောလိုက်ပြီး နော်ဝေသား အနေနဲ့ ဂွါဒီယိုလာရဲ့ လက်အောက်မှာ ဂိုးသွင်းစက်ဖြစ်လာဖို့ ထင်သလောက် လွယ်ကူမှာ မဟုတ်ဘူးလို့လည်း ဆိုလိုက်တာပါ။
ဒေါ့မွန်အသင်းနဲ့ ၈၉ ပွဲကစားပြီး ၈၆ ဂိုးအထိ သွင်းယူနိုင်ခဲ့လို့ စပိန်သားနည်းပြနဲ့ အာရပ်သူဌေးတွေရဲ့ စင်တော် ကောက်ခံခဲ့ရတဲ့ ဟားလန်းဟာ မန်စီးတီးအသင်းမှာ ကစားပုံ၊ အသင်းလိုက် အရေးပါမှုတွေနဲ့ အသားကျဖို့ ရုန်းကန်ရလိမ့်မယ်လို့လည်း ဖာဒီနန်က ဆိုလိုက်ပြီး နှိမ့်နှိမ့်ချချနဲ့ ခေါင်းငုံ့ပြီး ကြိုးစားတတ်စေဖို့လည်း သတိပေး လိုက်တာပါ။
ဖာဒီနန်ကတော့ ဝေးဝေးလံလံ ကြည့်မနေဘဲ မန်စီးတီးအသင်းကို ပြီးခဲ့တဲ့ ၂၀၂၁ နွေရာသီက အက်စ်တန်ဗီလာ အသင်းကနေ ပေါင်သန်း ၁၀၀ နဲ့ ရောက်ရှိလာခဲ့ပြီး ခြေစွမ်းပြသနိုင်မှုနည်းခဲ့တဲ့ အင်္ဂလန်လက်ရွေးစင် ဂျက်ခ် ဂရီးလစ်ရှ်ကို ပြသလိုက်ပြီး တခြားအသင်းတွေက ကစားသမားတွေအနေနဲ့ ဂွါဒီယိုလာရဲ့ တီကီတာကာ စတိုင်ကို နောကျေဖို့ အနည်းဆုံး တစ်နှစ်လောက်တော့ သင်ယူရနိုင်တယ်လို့လည်း ထောက်ပြလိုက်ပါတယ်။
ဖာဒီနန်က “ဂရီးလစ်ရှ်အတွက်တော့ ဒီရာသီက တော်တော်လေး ခက်ခဲခဲ့မှာ သေချာပါတယ်။ သူ့လို တစ်သက်လုံး အဓိက ကစားသမားအဖြစ်နေလာတဲ့ လူတစ်ယောက်က ဘာပဲဖြစ်ဖြစ် ငါဆိုတဲ့ မာနကတော့ ရှိနေမှာပါပဲ။ ဒါကို မန်စီးတီး အသင်းမှာ သူ ဆက်ပြီး ဆုပ်ကိုင်ထားလို့ မရတော့ချိန်မှာ သူ့အနေနဲ့ ကစားသမားတွေထဲက ကစားသမား တစ်ယောက်အဖြစ် အသင်းလိုက် စုစည်းကစားတတ်ဖို့ ကြိုးစား ရုန်းကန်ခဲ့ရတာပါ”
“ပက်ပ်ရဲ့ မန်စီးတီးအသင်းကို နာမည်ကြီး ကစားသမားကောင်းတွေ ရောက်လာတာက ခုမှ မဟုတ်ပါဘူး။ အရင် ကလည်း ရောက်လာနေကျ ဖြစ်သလို သူတို့အားလုံး အသင်းရဲ့ ကစားပုံ၊ စိတ်ဓာတ်ပိုင်းနဲ့ ခံယူချက်တွေအတွက် အသားကျဖို့ ပြောင်းလဲခဲ့ကြရတာပါ။
ဟာလန်းအနေနဲ့လည်း သူ့ကို အဓိကနေရာက မင်းသားတင်တာမျိုး မရှိနိုင်တာကို ကြုံရမှာဖြစ်ပြီး အတ္တနဲ့ မာနတွေကို အသင်းစိတ်ဓာတ်အတွက် ချိုးနှိမ်ရပါလိ့မ်မယ်”လို့ ဖာဒီနန်က သတိပေးသွားခဲ့တာဖြစ်ပါတယ်။
ဂရီးလစ်ရှ်ဟာ အက်စ်တန်ဗီလာသင်းမှာ ဘယ်တောင်ပံတကြောမှာ လုပ်ချင်ရာ လုပ်နိုင်သူဖြစ်ပြီး ကွင်းလယ်လူ၊ တောင်ပံသမား၊ တိုက်စစ်မှူး သုံးပုံစံလောက် ကစားခွင့်ရခဲ့ပေမယ့် မန်စီးတီးမှာတော့ ဒီလိုမျိုး လုပ်ခွင့် မရှိဘဲ ဘယ်တောင်ပံ သမားအဖြစ် ပုံစံပေးခံရချိန်မှာ သူ့ရဲ့ ထိရောက်မှုက နည်းပါးခဲ့တာပါ။
ဟားလန်းအနေနဲ့လည်း ဒေါ့မွန်မှာ ကစားနေတဲ့ အထောင်တိုက်စစ်မှူး Advanced Forward နေရာထက် မန်စီးတီးမှာ ဆိုရင် နောက်ကို ပိုဆင်းပြီး အသင်းကစားကွက်နဲ့ ပူးပေါင်းပေးရတဲ့ Deep Lying Forward အဖြစ် ပြောင်းလဲ ကစားရနိုင်တာကြောင့် တစ်ကိုယ်ကောင်းဆန်မှုကို လျှော့ချပြီး ကစားပုံကို ပြောင်းလဲ သွားရနိုင်ပါတယ်။