ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး ခံစစ်မှူး စာရင်းမှာ စီးတီး ခံစစ်မှူးဟောင်းကို ထည့်ခဲ့တဲ့ ဗန်ဒိုက်
ဗာဂျယ်ဗန်ဒိုက်ဟာ ရီယိုဖာဒီနန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ်မှာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး နောက်ခံလူ ၅ ဦးကို ရွေးထုတ်သွားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးဖြစ်တဲ့ ဗန်ဒိုက်ဟာ အန်ဖီးကို ရောက်လာခဲ့ပြီးနောက် လီဗာပူးကို ပြည်တွင်းနဲ့ ပြည်ပ ဆုဖလားတွေ အားလုံး ရယူပေးနိုင်အောင် အဓိက ကူညီပေးခဲ့ပါတယ်။
သူက သူအထင်ကြီးရတဲ့ ခံစစ်သမားတွေကို ရွေးထုတ်ရာမှာတော့ မန်ချက်စတာကလပ် ယူနိုက်တက်မှ ၂ ဦးနဲ့ မန်စီးတီးမှ ၁ ဦးတို့ ပါဝင်ခဲ့တယ်။ ထိပ်ဆုံး ရွေးချယ်တာက ယူနိုက်တက်က ဖာဒီနန်ဖြစ်ပါတယ်။
ဒုတိယတစ်ဦး အနေနဲ့ ဗန်ဒိုက်ဟာ သူနဲ့ ခေတ်ပြိုင်ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်း မန်စီးတီးရဲ့ အမှတ်ပေးဖလားအောင်မြင်မှုတွေမှာ အထူး အရေးပါခဲ့တဲ့ ဗင်ဆန့်ကွန်ပနီကို ရွေးချယ်သွားခဲ့ပါတယ်။
ဗန်ဒိုက်က “ သူဟာ အရမ်းကို ထူးချွန်တဲ့ အသင်းခေါင်းဆောင် ဖြစ်ပြီး ဘောလုံးကိုင်ကစားပုံ ကောင်းမွန်ပါတယ်။ ဘောလုံးမရှိချိန်လည်း ဒီလိုပါပဲ။ စီးတီးကစားသမားဘဝမှာ အရေးပါတဲ့ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။
ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်လုနီးပါး ဖြစ်ခဲ့တဲ့ ရာသီမှာ အရေးပါလှတဲ့ ဂိုးကို လက်စတာနဲ့ပွဲမှာ သွင်းယူပေးခဲ့ပါတယ်။ အရမ်းကို ကောင်းပြီး ထူးချွန်တဲ့လူတစ်ဦးပါ။” လို့ ဆိုခဲ့ပါတယ်။
တတိယ နဲ့ စတုတ္ထမြောက် အဖြစ် ဗန်ဒိုက်ဟာ သူ့ရဲ့ တစ်နိုင်ငံတည်းသား ဖြစ်တဲ့ အပြင် ယူနိုက်တက်ရဲ့ ၁၉၉၉ ဖလား ၃ လုံးအောင်မြင်မှုမှာ အဓိက ပါဝင်ခဲ့တဲ့ ယပ်စတန်း နဲ့ ချဲလ်ဆီး ဂန္တဝင် နောက်ခံလူ ဂျွန်တယ်ရီ တို့ကို ရွေးချယ်ခဲ့ပါတယ်။
ဗန်ဒိုက်ပဲ နောက်ဆုံး တစ်ဦးအဖြစ် လီဗာပူးဂန္တဝင် ဟစ်ပီယာကို ရွေးချယ်သွားကာ အကောင်းဆုံး ၅ ဦးစာရင်းမှာ သူ့ကိုယ်သူတော့ ထည့်သွင်းခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။