မန်ချက်စတာမြို့ ရောက်လာတဲ့ ဟာလန်း၊ အပျော်တွေ ပြည့်နေတဲ့ ဂျေးဆုနဲ့ မန်စီးတီး သတင်းတိုများ စုစည်းမှု
ဒီအပတ်အတွင်း မန်စီးတီးနှင့်အတူ ပရီးမီးယားလိဂ်ဖလားဆွတ်ခူးခဲ့တဲ့ တိုက်စစ်မှူး ဂျေးဆုဟာ သူ့ ချစ်သူ လီမာကလည်း သမီးငယ် မွေးဖွားပေးလိုက်တာကြောင့် အပျော်တွေနှင့် ပြည့်နှက်နေသော သီတင်းပတ် ဖြစ်လာခဲ့ပါတယ်။
နော်ဝေ လက်ရွေးစင် တိုက်စစ်မှုး အာလင်း ဟာလန်းဟာ မန်စီးတီးအသင်းဖော်သစ်တွေနဲ့ တွေ့ဆုံ နှုတ်ဆက်ဖို့ မန်ချက်စတာမြို့ သို့ ရောက်ရှိလာပြီ ဖြစ်ပါတယ်။
မန်စီးတီး ကွင်းလယ်ကစားသမား ဒီဘရိုင်းက မန်ချက်စတာ ကလပ်နဲ့ အတူ ၇ နှစ်ကြာ ကုန်ဆုံးခဲ့ပြီး လက်ရှိ စာချုပ်မှာလည်း ၃နှစ်တာ ကျန်သေးကာ စီးတီးမှာ အကြာကြီး ဆက်နေဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောဆိုသွားပါတယ်။
ရာသီပိတ်ပွဲစဉ်မှာ မန်စီးတီး အသင်းအတွက် လိုအပ်နေတဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို သွင်းပေးခဲ့ပြီး မန်စီးတီးအသင်းကို ဖလားရရှိစေခဲ့တဲ့ ဂန်ဒိုဂန်ကတော့ ပွဲအပြီးမှာ သူ့ကို လှမ်းဂုဏ်ပြုကြတဲ့သူတွေထဲမှာ လက်ရှိ လီဗာပူးနည်းပြ (ဒေ့ါမွန်မှာ လက်တွဲဖူးခဲ့သူ) ကလောပ့်ဟာ ထိပ်ဆုံးက ပါခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ရဲ့တစ်နှစ်တာအကောင်းဆုံးနည်းပြဆုနဲ့ လိဂ်မန်နေဂျာများကပေးတဲ့ တစ်နှစ်တာအကောင်းဆုံးဆုကိုတော့ လီဗာပူးနည်းပြ ကလောပ့် က မန်စီးတီး နည်းပြ ဂွါဒီယိုလာကို ကျော်ဖြတ်ပြီး ရရှိသွား ခဲ့ပါတယ်။
ရီးရဲလ်အသင်းဟာ မန်စီးတီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်နည်းပါးလာတဲ့ စတာလင်ကိုခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တယ်လို့ သိရပါတယ်။ စတာလင်ကိုယ်တိုင်ကလည်း အနာဂတ်အတွက် စဉ်းစားနေပြီး အကောင်းဆုံးဖြစ်မယ့်အခြေအနေကို ရွေးချယ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ မန်စီးတီးတိုက်စစ်မှူး ဂျေးဆု ကို ခေါ်ယူချင်တဲ့အသင်းတွေထဲမှာ စပါးအသင်းလည်း ပါဝင်လာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခြေအနေအရ အာဆင်နယ်အသင်းကပဲ နည်းနည်းအလေးသာနေတယ်လို့ သိရပါတယ်။
ဘန်လေအသင်းဟာ နည်းပြသစ်အဖြစ် မန်ချက်စတာစီးတီး အသင်းခေါင်းဆောင်ဟောင်း ဗင်းဆင့် ကွန်ပနီကို ခန့်အပ်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ကွန်ပနီက လက်ရှိ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်အသင်းရဲ့ နည်းပြတာဝန်ကို ယူထားတာပါ။