မကန်သေးခင်မှာပဲ မန်စီးတီးကို ဖလား အနိုင်ပေးနေတဲ့ စူပါကွန်ပျူတာ

လာမယ့်ရာသီ အမှတ်ပေးဇယားအတွက် စူပါကွန်ပျူတာရဲ့ တွက်ချက်မှုတွေ ထွက်ပေါ်လာနေပြီး ဘယ်အသင်း ချန်ပီယံဖြစ်မလဲကစလို့ ထိပ်ဆုံး ၄သင်း၊ တန်းဆင်းရမယ့် ၃ သင်းထိ ပါဝင်ခဲ့ပါတယ်။

SBK supercomputer ရဲ့ တွက်ချက်မှုမှာတော့ ထိပ်ဆုံး ၄ သင်း နေရာအတွက်တော့ မပြောင်းလဲဘဲ ဒီရာသီအတိုင်း မန်စီးတီး၊ လီဗာပူး၊ ချယ်ဆီး၊ စပါးတို့ အစဉ်လိုက် ထပ်မံ ရပ်တည်သွားမှာဖြစ်တယ်။

စူပါကွန်ပျူတာကတော့ ဒီရာသီ အမှတ်ပေး ချန်ပီယံ မန်စီးတီးကပဲ လာမယ့်ရာသီ အမှတ်ပေးချန်ပီယံဖြစ်မယ်လို့ တွက်ချက်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီနဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီတွေမှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ထားတာပါ။ လာမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီကိုပါ ချန်ပီယံဖြစ်ရင်တော့ ၃ နှစ်ဆက် အမှတ်ပေးချန်ပီယံဖြစ်လာပါလိမ့်မယ်။

လီဗာပူးအသင်းကို အဆင့် ၂ နေရာမှာ ဆက်ထားခဲ့ပြီး လာမယ့် ရာသီမှာလည်း ကလော့ပ်ရဲ့ အသင်းက အဓိက ပြိုင်ဘက်အဖြစ် ဆက်ရှိနေဦးမယ်လို့ ဆိုပါတယ်။

အဆင့် ၅ နေရာက ယူနိုက်တက်ရဲ့ နောက်မှာတော့ ကြွယ်ဝတဲ့ ဆော်ဒီ ပိုင်ရှင်တွေ လွဲပြောင်းယူထားတဲ့ နယူးကာဆယ်က အဆင့် ၆ နေရာမှာ ရပ်တည်နိုင်မယ်၊ နောက်ပြီး ကြီး ၆ ကြီး ကလပ် အာဆင်နယ်ကတော့ အဆင့် ၇ ကို လွှင့်စင်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။

ဇယားရဲ့ အောက်ဘက်မှာတော့ ပရီးမီးယားလိဂ် တန်းတက်ကလပ် ၃ သင်းလုံးကို တန်းပြန်ဆင်းမယ်လို့ တွက်ချက်သွားခဲ့တယ်။