ဟာလန်းနဲ့ တွဲပြီး မန်စီးတီးမှာ ဂိုးသွင်းကြမ်းတော့မယ့် တိုက်စစ်မှုးသစ် အယ်လ်ဗားရတ်စ်

မန်စီးတီး အသင်းရဲ့ ကစားသမားသစ်တစ်ဦးဖြစ်တဲ့ အယ်လ်ဗားရတ်စ် ဟာ ကိုပါလီဘာတေးဒိုးစ် ပွဲစဉ်မှာ ရေးဗားပလိတ် အသင်းအတွက် ဟက်ထရစ် ၂ ကြိမ် သွင်းပြီး သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

အယ်လ်ဗားရတ်စ် ကို မန်စီးတီးဟာ ဇန်နဝါရီတည်းက ပေါင် ၁၄သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပေမယ့် ကစားသမားဟာ အင်္ဂလန် ကို ဇူလိုင်လမှ လာရောက် ပူးပေါင်းမှာပါ။

မန်စီးတီး အသင်းဟာ ဒေါ့မွန် အသင်းတိုက်စစ်မှူး ဟာလန်း ကိုလည်း ပေါင် ၅၁ သန်းနဲ့ ခေါ်ယူထားတာဖြစ်ပါတယ်။ နည်းပြ ဂွာဒီယိုလာ ဟာ အသင်းရဲ့ တိုက်စစ်ကို ပိုမိုအားကောင်းလာစေဖို့ ရည်ရွယ်ထားတာဖြစ်ပြီး သူတို့ နှစ်ဦးအတွဲအဖက်က အသင်းကို ပိုပြီးကောင်းမွန်လာဖို့ ရှိနေတာပါ။

အယ်လ်ဗားရတ်စ် ဟာ အလီယန်ဇာလီမာ အသင်းကို ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ ရေးဗားပလိတ် အတွက် ခြေစွမ်းပြသသွား ခဲ့တာဖြစ်ပါတယ်။

ရေးဗားပလိတ် က ၈-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲမှာ အယ်လ်ဗားရတ်စ် က ဟတ်ထရစ် ၂ကြိမ် ၆ ဂိုး သွင်းယူခဲ့တာပါ။ အယ်လ်ဗားရတ်စ် ဟာ ရေးဗားပလိတ်သမိုင်းမှာ တစ်ပွဲတည်း ၆ ဂိုးသွင်းတဲ့ ပထမဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနား တိုက်စစ်ကစားသမားဟာ ကိုပါလီဘာတေးဒိုးစ် သမိုင်းမှာတော့ ၁၉၈၅ က ၆ ဂိုးသွင်းခဲ့တဲ့ ကားလို့စ် ဆန်းချက်ဇ် နောက်ပိုင်း ဒုတိယမြောက် တစ်ပွဲတည်း ၆ ဂိုးသွင်းတဲ့သူဖြစ်ခဲ့တာပါ။

မန်စီးတီး အသင်း အကြီးအကဲတစ်ဦးဖြစ်တဲ့ ဆိုရီယာနို က အယ်လ်ဗားရတ်စ် ဟာ လာမယ့်ရာသီ မန်စီးတီး အသင်းနဲ့ အတူ ရှိမယ်လို့ ပြောခဲ့ပါတယ်။

ဆိုရီယာနို က “ အယ်လ်ဗားရတ်စ် ကို အငှားချဖို့ ကလပ်အသင်း အများအပြားဆီကနေ ကမ်းလှမ်းမှုတွေ ရရှိခဲ့ပါတယ်။ဒါပေမယ့် သူထွက်ခွာမှာမဟုတ်ပါဘူး။ သူဟာ ကျွန်တော်တို့နဲ့ ရာသီကြိုမှာပါဝင်မှာ ဖြစ်ပြီး သူ ဒီမှာ ဆက်နေမှာပါ” လို့ ဆိုခဲ့ပါတယ်။

အယ်လ်ဗားရတ်စ် ဟာ အာဂျင်တီးနားလက်ရွေးစင် အတွက်လည်း ၇ ပွဲပါဝင်ကစားထားပြီး ၁ ဂိုး သွင်း ယူထားပါတယ်။ လာမယ့် ရာသီမှာတော့ ဟာလန်းနဲ့ အတူတွဲပြီး အယ်လ်ဗားရတ်စ် ဂိုးတွေ ဘယ်လောက်မြူးမလဲ ရင်ခုန်စရာ ဖြစ်ပါတယ်။